ဩဂုတ် ၁၂ – ၂၀၂၆
SN (VOM)
မြန်မာနိုင်ငံအတွင်းမှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှု၊ မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာမှု၊ ဆည်ရေ လွှတ်ချမှု၊ တာတမံ ကျိုးပေါက်မှု၊ ရေမြောင်း ပိတ်ဆို့မှုတွေကြောင့် ရေကြီးလို့ စပါး အဓိက စိုက်ပျိုးထွက်ရှိရာ ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ လယ်တွေ ဧကသောင်းချီ ရေနစ်ခဲ့ပါတယ်။
လက်ရှိ ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ရေကြီးနေတာမှာ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ဟင်္သာတနဲ့ ရေကြည်မြို့နယ်တွေရှိ မိုးစပါးစိုက်ဧက သောင်းနဲ့ချီ ရေနစ်မြုပ် ပျက်စီးနေတယ်လို့ သိရပါတယ်။
“ရှိသမျှ မိုးစပါးစိုက်ဧက ၅၀ လုံး ရေမြုပ်သွားပြီ။ လယ်တဧကဖြစ်ဖို့က လွယ်တာမဟုတ်ဘူးလေ။ မျိုးစပါး၊ စက်ပစ္စည်းငှားရမ်းခ၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ၊ လူငှားခ အကုန်စိုက်ထုတ် ရင်းနှီးထားရတာ။ အခုထိ ရေမြုပ်နေတဲ့စိုက်ခင်းတွေ ရှိတယ်။ အပင်တွေအကုန်လုံး ပစ်ရတော့မှာ၊ ပြန်မရနိုင်တော့ဘူး။ ပြန်ပြီး စိုက်ပျိုးဖို့ ဆိုတာလည်း အရင်းအနှီး ထပ်မလိုက်နိုင်တော့ဘူး။ အပင်တွေဆိုတာ ရွှံ့တွေ၊ နုံးတွေကပ်ပြီး လဲတာကလဲနဲ့။ ပုပ်တာက ပုပ်၊ ခရုတွေကျတာလည်း ရှိတယ်။ ဒီနှစ် မိုးစပါးကတော့ အကုန်ပျက်စီးကုန်ပြီ” လို့ လေးမျက်နှာမြို့က စိုက်ပျိုးရေးတောင်သူတယောက်က ပြောပါတယ်။
လေးမျက်နှာမြို့နယ်မှာ လယ်ဧက ၆,၀၀၀ ကျော်အပြင် ဟင်္သာတမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၄ စုမှ မိုးစပါးစိုက်ဧက တသောင်းနှစ်ထောင် ခြောက်ရာကျော်လည်း ရေနစ်မြုပ်နေသလို လက်ရှိမှာ ငါးသိုင်းချောင်းနဲ့ ရေကြည်မြို့နယ်တွေအထိပါ ရေဝင်ရောက်နေတာကြောင့် ခန့်မှန်းခြေ စုစုပေါင်း စိုက်ခင်းဧက လေးသောင်းနီးပါး ရေဝင်နေနိုင်တယ်လို့ အကူအညီပေးနေသူတွေက သုံးသပ်ကြပါတယ်။
“အခုလို စပါးခင်းတွေ ရေမြုပ်သွားတာက ရေဘေးသင့် ပြည်သူတွေအတွက် နှစ်နဲ့ချီပြီး စားဝတ်နေရေး ခက်ခဲသွားနိုင်တယ်။ ပြန်လည် ထူထောင်နိုင်ဖို့ အချိန်အများကြီး လိုလိမ့်မယ်။ ရေကာတာကျိုးတာကို ပြင်နေတာလည်း မြန်မြန်ပြီးမှဖြစ်မယ်။ အခုက အထက်ဘက်တွေမှာ ရေကြီးနေတာ။ အဲဒီကရေတွေ ဆင်းလာရင်လည်း ဧရာဝတီတိုင်းထဲကိုပဲ ဝင်လာမှာ” လို့ ကယ်ဆယ်ရေး လုပ်ဆောင်သူက ပြောပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က လေးမျက်နှာမြို့နယ် အပါအဝင် ဟင်္သာတနဲ့ မြန်အောင်ခရိုင်အတွင်း ရေကြီးမှုကြောင့် ပျက်စီးခဲ့ရတဲ့ မိုးစပါးစိုက်ခင်းတွေအတွက် ထောက်ပံ့ပေးမယ်လို့ ကြေညာထားပြီး အပြီးတိုင် ပျက်စီးသွားတဲ့ လယ်ကွက်တွေအတွက် သက်တမ်းတို စပါးမျိုးတွေ (ဒါမှမဟုတ်) မတ်ပဲ၊ ပဲပုပ်လို ဆောင်းသီးနှံတွေ အချိန်မီ အစားထိုးစိုက်ပျိုးနိုင်ဖို့ မျိုးစေ့တွေ ကြိုတင်စုဆောင်းခြင်းနဲ့ နည်းပညာပေး ပံ့ပိုးမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ပတ်သက်ပြီး တခြား ရေကြီးဒေသတွေက ရေဝင်စိုက်ခင်းတွေအတွက် ဆက်လက် ထောက်ပံ့ပေးဖို့ ရှိ၊ မရှိ မေးမြန်းနိုင်ဖို့ MRF က တာဝန်ရှိသူကို VOM သတင်းဌာနမှ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
လက်ရှိ စစ်ကိုင်းတိုင်းမှာလည်း မြို့နယ် ၁၁ မြို့နယ်ဝန်းကျင် ရေကြီးနေတာကြောင့် လယ်ဧက နှစ်သိန်းကျော် ရေမြုပ်နေပြီး အဲဒီထဲက ဧက သောင်းနဲ့ချီ ပျက်စီးနိုင်ကာ ရေရှည် ဆက်ပြီးနစ်မြုပ်ပါက စပါးအထွက်နှုန်း ထိခိုက်နိုင်ခြေ ကြီးမားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မူးမြစ်ရိုးတလျှောက်လုံး ရေမြုပ်နေတာ။ မြို့နယ် ၉ မြို့နယ်အပြင်ကိုမှ ခင်ဦး၊ ရွှေဘို၊ ယင်းမာပင်၊ ဆားလင်းကြီးဘက်မှာလည်း စပါးစိုက်ခင်းတွေ ရေဝင်နေတယ်။ ဧက သောင်းနဲ့ချီ ရှိနိုင်တယ်။ ကျွန်တော်လယ်တွေဆို ဧက ၃၀ လုံး ပါသွားတာ။ စပါးခင်းတွေရော၊ ပြောင်းခင်းတွေရော အခုထိ ရေမြုပ်နေတုန်း။ ဒီနှစ်တော့ ဘယ်လိုမှ ပြန်စိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီကနေ မျိုးစေ့ပြန်ရဖို့ဆိုတာလည်း မျှော်မှန်းလို့ မရတော့ဘူး။ ပြန်လည်ပတ်နိုင်ဖို့၊ ရင်းနှီးဖို့ အင်အားလည်း မရှိတော့ဘူး။ ရေဝင်ထားတဲ့လယ်မှာ ပြန်စိုက်ဖို့ဆိုရင်လည်း ပိုးကျတာတွေ ဖြစ်နိုင်တယ်။ အဖက်ဖက်ကကို အကူအညီတွေ လိုနေတာပါ” လို့ တောင်သူတယောက်က ပြောပါတယ်။
ရေရှည် ရေနစ်မြုပ်ပါက စပါးပင်တွေ အမြစ်ပြတ်ပုပ်ပြီး သေဆုံးနိုင်ကာ ရေအမြန်မကျပါက အပင်ရှင်ဖို့ခက်ခဲနိုင်သလို ရေပြန်ကျချိန်မှာလည်း အစာရေစာရှားပါးနေတဲ့ ပိုးမွှားတွေက အပင်ငယ်တွေကို အလွယ်တကူ ကိုက်ဖြတ်စားသောက်၊ ဖျက်ဆီးတတ်တယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စီးပွားရေးပညာရှင် တယောက်က “မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားထားတဲ့ နေရာတွေက စိုက်ခင်းတွေ ရေမြုပ်နေတာ အလားအလာ တကယ်မကောင်းဘူး။ နောက်ပိုင်းမှာ စီးပွားရေးနဲ့ စားနပ်ရိက္ခာ အကျပ်အတည်းတွေ ပိုဖြစ်လာနိုင်တယ်။ တောင်သူတွေအဖို့မှာလည်း ကြွေးမြီတွေ ပိုပြီး များလာနိုင်တယ်။ အမှန်က အခုဖြစ်နေတဲ့ သဘာဝဘေးတွေက လူလုပ်လို့ဖြစ်တာ။ မြေဆီလွှာတွေ၊ သဘာဝအရင်းအမြစ်တွေ ပျက်စီးအောင်၊ သစ်တောတွေ ပြုန်းတီးအောင် လူတွေ လုပ်ထားတယ်။ အဲဒါတွေရဲ့ အကျိုးဆက်ကို အခု ခံစားနေကြရတာ” လို့ ပြောပါတယ်။
ရေဘေးကြောင့် စပါးအထွက်နှုန်း ကျဆင်းသွားနိုင်တဲ့အတွက် နောင်လာမယ့် ရိတ်သိမ်းချိန်မှာ ဒေသတွင်း ဆန်နဲ့ စပါးဈေးနှုန်းတွေ မြင့်တက်လာနိုင်သလို မြန်မာနိုင်ငံရဲ့ စပါးအဓိက ထွက်ရှိရာဒေသတွေ ရေမြုပ်တာကြောင့် တိုင်းပြည်တဝန်းလုံးရဲ့ စားနပ်ရိက္ခာ ဖူလုံရေးကိုလည်း သက်ရောက်မှု ရှိလာစေနိုင်တယ်လို့ သူက ပြောပါတယ်။
Photo – CJ
