ပါဆယ်ပစ္စည်း လက်ခံသူကို ပစ္စည်းပို့ဝန်ထမ်းတွေက ဓာတ်ပုံရိုက်နေတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်နေ

ဩဂုတ် ၁၃ – ၂၀၂၆
SS (VOM)
ပါဆယ်ပစ္စည်း လက်ခံသူကို ပစ္စည်းပို့သူ delivery ဝန်ထမ်းတွေက ပစ္စည်းနဲ့ လူကိုတွဲပြီး ဓာတ်ပုံရိုက်ယူတာတွေ ရှိနေတာကြောင့် ကိုယ်ရေးကိုယ်တာ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ စိုးရိမ်စရာ ဖြစ်နေတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဝန်ဆောင်မှုရယူတွေက ပြောပါတယ်။
အရင်က ပါဆယ်ထုပ် ရောက်လာတဲ့အခါ လက်ခံသူက လက်မှတ်ထိုးပြီး ပစ္စည်းယူလိုက်ရုံနဲ့ ရပေမယ့် အခုနောက်ပိုင်းမှာ လက်မှတ်ထိုးရုံတင် မဟုတ်ဘဲ လက်ခံတဲ့သူကိုပါ ပါဆယ်ပစ္စည်းနဲ့အတူတွဲပြီး ဓာတ်ပုံရိုက်တာတွေ ရှိလာတယ်လို့ သိရပါတယ်။
“လက်ခံတဲ့လူက ဓာတ်ပုံအရိုက်မခံဘူးဆို အိမ်ကို ဓာတ်ပုံရိုက်သွားတယ်။ ဘယ်အချိန်မှာ ဒီအိမ်ကို ပေးခဲ့တယ်ဆိုတာမျိုးပေါ့။ ဒီတော့ လက်ခံရတဲ့ customer အနေနဲ့ကျ စိုးရိမ်ရတာပေါ့။ ဥပမာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတွေကို ပို့လာတယ်ဆို ဘယ်လိုလုပ်မလဲ။ ဟိုဘက်က ပို့တဲ့သူက ဘယ်သူမှန်းမသိ၊ ကိုယ့်ကို တမင် ရည်ရွယ်ချက်ရှိရှိ ဒုက္ခရောက်အောင် လုပ်တာမျိုးဆို ပစ္စည်းလက်ခံတဲ့သူအတွက် လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရတယ်” လို့ customer တယောက်က ပြောပါတယ်။
Delivery ဝန်ထမ်းတွေက ပစ္စည်းလာပို့စဉ် လက်ခံသူကို ဓာတ်ပုံရိုက်ယူတာဟာ ပစ္စည်းရောက်ရှိကြောင်း အထောက်အထား (Proof of Delivery) ပြုလုပ်ရန်ဖြစ်ပြီး ပစ္စည်းမှန်ကန်စွာ ပို့ဆောင်ပြီးစီးကြောင်း ကုမ္ပဏီကို သက်သေပြရန်အတွက်ဖြစ်ကာ မှားယွင်းပို့ဆောင်မှုနဲ့ ပစ္စည်းပျောက်ဆုံးမှု ပြဿနာတွေအတွက် တာဝန်ခံနိုင်ဖို့ဖြစ်တယ်လို့ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“လူပုံနဲ့ ရိုက်မယ်ဆို ခွင့်တောင်းပြီးမှ ရိုက်ဖို့ ပြောထားတာ ရှိပါတယ်။ ပါဆယ်ပို့ပြီးကြောင်း ရိုက်ရတာမျိုးတော့ ရှိတယ်။ လူပုံကို အရိုက်မခံချင်ဘူးဆို အိမ်တွေ၊ ဆိုင်တွေကို ဓာတ်ပုံရိုက်တယ်။ ဒါက ဟိုဘက်က ပစ္စည်းပို့ခိုင်းလိုက်တဲ့သူဆီကို ဒေတာ ရောက်သွားမှာမျိုးတော့ မဟုတ်ဘူး။ ကုမ္ပဏီက system မှာပဲ၊ ဒီနေရာမှာ ဒီပစ္စည်း ပို့ခဲ့တယ်ဆိုတာမျိုး confirm ယူထားတာ။ ဒီပုံတွေက ဘယ်မှလည်း ရောက်မှာမဟုတ်ဘူး။ ကုမ္ပဏီဘက်က system မှာပဲ သိမ်းထားတာပါ။ တချို့ကျတော့လည်း ပစ္စည်းမရသေးဘူးလို့ ပြောတဲ့အခါကျရင် ဒါမျိုးလေးတွေနဲ့ ဖြေရှင်းလို့ရအောင်လို့ပါ” လို့ သူက ပြောပါတယ်။
ပါဆယ်ပို့လာတဲ့အခါ လူပုံ၊ အိမ်ပုံကို ဓာတ်ပုံ မရိုက်စေချင်ပါက ပစ္စည်းလက်ခံတဲ့သူရဲ့ လက်နဲ့အတူ ပါဆယ်ကို ဓာတ်ပုံရိုက်တာ၊ ငွေပေးချေမှု ပြေစာနဲ့အတူ ပါဆယ်ပစ္စည်းကို ဓာတ်ပုံရိုက်တာမျိုး တောင်းဆိုနိုင်သလို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို ဆက်သွယ်ပြီးလည်း ညှိနှိုင်းနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ နောက်ထပ် customer တယောက်က “ဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတွေကို ပို့လာလို့ ပြဿနာ တက်ထားတာရှိတယ်။ ပို့လိုက်တဲ့လူကို ကိုယ်ကလည်း မသိဘူး။ ဒုက္ခရောက်အောင် တမင် အကွက်ဆင်ပြီး ပို့တာဆို အခုလို ပစ္စည်းနဲ့လူနဲ့တွဲပြီး ဓာတ်ပုံအရိုက်ခံရတာ အဆင်မပြေဘူး။ အကယ်၍ ပြဿနာတခုခု တက်ပြီဆို ဒီကုမ္ပဏီကို သက်ဆိုင်ရာက အချက်အလက် တောင်းမှာပဲလေ။ တောင်းရင် သူတို့ပေးကိုပေးရမှာ။ ဒါတွေကို စိုးရိမ်တာ။ မန္တလေးက အမရပူရမှာဆို လူကို ဓာတ်ပုံအရိုက်မခံတော့ အိမ်ကို ဓာတ်ပုံရိုက်သွားတာမျိုး ရှိတယ်။ အဲဒါကို အိမ်ရှင်က မကျေနပ်ဘူး” လို့ ပြောပါတယ်။
ပါဆယ်ပစ္စည်းတွေကို delivery ပို့ဆောင်၊ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတခုကတော့ customer တွေအနေနဲ့ အခုလို ဖြစ်ရပ်မျိုး ကြုံလာပါက၊ ကိုယ်ရေးကိုယ်တာ ထိခိုက်တယ်လို့ ခံစားရပါက သက်ဆိုင်ရာကုမ္ပဏီရဲ့ Customer Service ကို ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW