ဩဂုတ် ၁၇ – ၂၀၂၆
SN (VOM)
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ ဒီကနေ့ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံရေးပါတီအစုအဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။
မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၆ ပါတီ ရှိတဲ့အထဲက ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ၅၅ ပါတီနဲ့ NSPNC တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပါတီအစုအဖွဲ့ကို ခြောက်နေရာအထက်နိုင်တဲ့ ၁၃ ပါတီက ၁၄ ယောက်၊ တနေရာကနေ ငါးနေရာအထိနိုင်တဲ့ ၁၈ ပါတီထဲက ကိုယ်စားလှယ် ၁၁ ယောက်၊ လုံးဝ မနိုင်တဲ့ပါတီက ခုနစ်ယောက်၊ စုစုပေါင်း ၃၂ ယောက် ပါဝင် ဖွဲ့စည်းခဲ့ကြတယ်လို့ သိရပါတယ်။
“အဓိက ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးပါတီဘက်က ဆွေးနွေးပွဲ ဦးဆောင်တဲ့အဖွဲ့ရယ်၊ အလုပ်အဖွဲ့ရယ်၊ အဲဒါတွေကိုဖွဲ့ချင်လို့ နိုင်ငံရေးပါတီတွေကို ခေါ်ပြီးတော့ စုစည်းပေးတာပေါ့။ အားလုံးပေါင်း ၃၂ ပါတီ ရွေးကြပါတယ်။ အဲဒီထဲက ၁၆ ပါတီက ဦးဆောင်ဆွေးနွေးမယ့်သဘော ဖြစ်ပါတယ်။ ကျန်တဲ့ ၁၆ ပါတီကတော့ အရင်အတိုင်းဆိုရင်တော့ အရံပေါ့။ ဘယ်လိုပုံစံ သွားမလဲဆိုတာတော့ မပြောတတ်သေးဘူး” လို့ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ လူဦးရေများများ အနိုင်ရရှိခဲ့တဲ့အတွက် နှစ်ဦး ခွဲတမ်းရပြီး ကျန်တဲ့ ခြောက်ဦးနဲ့အထက် ရတဲ့ပါတီတွေကတော့ တဦးကျစီ ရွေးချယ်တာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
လက်ရှိမှာ လွှတ်တော်နဲ့ ရွေးကောက်ခံ အစိုးရတရပ်ကလည်း ပေါ်ထွန်းပြီဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ NCA ထိုးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းရော၊ မထိုးဖြစ်သေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းရော ငြိမ်းချမ်းရေးဖြစ်စဉ်အရ ရှင်းလင်းဖို့အတွက် NSPNC ကတော့ ကမကထ ပြုလုပ်တာလို့ သူက ပြောပါတယ်။
“ရွေးကောက်ခံအစိုးရရဲ့ သက်တမ်း ငါးနှစ်တာကာလမှာ ငြိမ်းချမ်းဖို့လုပ်ငန်းတခု လုပ်ကြတော့မယ်။ အဲဒီအတွက် အခြမ်းတခြမ်းဖြစ်တဲ့ နိုင်ငံရေးပါတီများရဲ့ ပါဝင်မှု ဆိုတဲ့အခြမ်းက လိုအပ်လာတာပေါ့။ အဲဒါကြောင့် ဒီနေ့ NSPNC က ကမကထလုပ်ပြီး နိုင်ငံရေးပါတီ ၅၅ ပါတီကို တွေ့ပြီး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ဘယ်ပါတီတွေကဖြင့် ပါသင့်တယ်ဆိုတာမျိုး ရွေးကောက် တင်မြှောက်ပေးကြတာပါ” လို့ သူက ပြောပါတယ်။
အရင်က အခုလို ဖွဲ့စည်းမှုကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee – UPDJC) အဖြစ် ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပေမယ့် လက်ရှိမှာတော့ နိုင်ငံရေးပါတီအစုအဖွဲ့အဖြစ်သာ ဖွဲ့စည်းခဲ့တာတွေ့ရပါတယ်။
UPDJC အဖွဲ့မှာ အဓိက အစုအဖွဲ့ သုံးဖွဲ့ ပါဝင်ပြီး အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အစုအဖွဲ့၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ဖြစ်တယ်လို့ သိရပါတယ်။
လုပ်ငန်းတာဝန်တွေကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံရေးဆွေးနွေးရေး မူဘောင် (Political Dialogue Framework) ကို ရေးဆွဲခြင်းနဲ့ ပြင်ဆင်ခြင်း၊ ဒေသအဆင့်နဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကြီးကြပ်လမ်းညွှန်ခြင်း၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို ဖော်ဆောင်ရန်အတွက် လုပ်ငန်းအထောက်အကူပြု အဖွဲ့တွေနဲ့ နည်းပညာအဖွဲ့တွေကို ဖွဲ့စည်းပေးခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းကတော့ UPDJC ဆိုပြီး လုပ်ခဲ့တာရှိတယ်။ အဲဒီလို UPDJC လိုမျိုး လုပ်မလား၊ မလုပ်ဘူးလားဆိုတာတော့ မပြောတတ်သေးဘူး” လို့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဥက္ကဋ္ဌ ဦးဘရှိန်က ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံမှုအပြီး တလအကြာ စက်တင်ဘာ လလယ်လောက်မှာ ရွေးချယ်ထားတဲ့ ၃၂ ပါတီနဲ့ NSPNC အဖွဲ့တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးဖို့ ရှိနေတယ်လို့ သိရပါတယ်။
“နိုင်ငံရေးပါတီ ဒီ ၃၂ ပါတီက ကိုယ့်ဘာသာစီစဉ်ပြီးတော့ ဘာပြောကြမလဲ ဆိုတာမျိုး ဆွေးနွေးတိုင်ပင်တဲ့ အစုအဖွဲ့မျိုး၊ အဲဒီသဘောတော့ မဟုတ်သေးဘူး။ နိုင်ငံရေးပါတီတွေက ငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်သင့်တယ် ဆိုတာ နည်းလမ်းတွေပြောပြီး ဆုံးဖြတ်ချက် ချနိုင်ရင်လည်းချ၊ မချနိုင်လည်း နောက်တကြိမ် ထပ်ပြီးပြင်ပေါ့၊ အဲဒီ အခင်းမကျင်းမျိုးတော့ မတွေ့ရသေးဘူး” လို့ ဦးဘရှိန်က ပြောပါတယ်။
ငြိမ်းချမ်းရေး တကယ်လုပ်မယ့်သူအနေနဲ့ အဓိက က ဆန္ဒရှိဖို့လိုပြီး လက်ရှိ နိုင်ငံမှာ ဖြစ်နေတာကတော့ ယုံကြည်မှု ပျက်ပြားနေတာဖြစ်တာကြောင့် အခုလို လူတွေကြားထဲမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာ များစွာ ကြိုးစားရဦးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
UPDJC အစည်းအဝေးကို ပထမအစိုးရလက်ထက်မှာ ငါးကြိမ်၊ ဒုတိယအစိုးရ လက်ထက်မှာ ၁၅ ကြိမ်၊ စုစုပေါင်း အကြိမ် ၂၀ ကျင်းပခဲ့ဖူးပြီး အဲဒီ အစည်းအဝေးတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနဲ့ မြေယာ သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ နိုင်ငံရေးအခြေခံမူတွေကို အဓိက ဆွေနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Photo – ပုံစာ – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်။
