အနိုင်ဒီဂရီရရှိထားတဲ့ မြေတွေကို လက်ရောက်ရယူရာမှာ ကျူးကျော်သူတွေကို ဖယ်ရှားဖို့ တရားရုံးကတဆင့် လုံခြုံရေးအကူအညီ တောင်းခံနိုင်

မန္တလေး၊ သြဂုတ်- ၁၇- ၂၀၂၆
SA(VOM)
ပုဂ္ဂလိကမြေပိုင်ဆိုင်မှု အငြင်းပွားမှုများနဲ့ ပတ်သက်ပြီး အနိုင်ဒီဂရီရရှိထားသူ တရားနိုင်မှာ မြေကိုလက်ရောက်ရယူရေးအ တွက် ကျူကျော်သူတွေကို ဖယ်ရှားဖို့ တရားရုံးကို ဦးတိုက်လျှောက်ထားရန်လိုအပ်ပြီး လုံခြုံရေးအကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။
နိုင်ငံတော်ပိုင်မြေတွေမှာ ဝင်ရောက်ကျူးကျော် နေထိုင်သူတွေကိုရှင်းလင်းနိုင်သကဲ့သို့ အနိုင်ဒီဂရီရရှိထားတဲ့ ပုဂ္ဂလိကပိုင်မြေတွေကို လက်ရောက်ရယူရေးအတွက် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ပါရန် အစီအစဥ်ရှိမရှိ ကိုချမ်းအေးသာစံမြို့နယ်၊ ကိုယ်စားလှယ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့် က လွှတ်တော်ကတဆင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ မီးရထားပိုင်မြေ၊ အမြန်လမ်းပိုင်မြေများနဲ့ နိုင်ငံတော်၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေမှုများကို တရားဥပဒေနဲ့အညီ ဖယ်ရှားရှင်းလင်းလျှက်ရှိပါတယ်၊ သို့သော် လည်း နိုင်ငံတော်ပိုင်မြေမဟုတ်ဘဲ ပုဂ္ဂလိကပိုင် နိုင်ငံသားအချင်းချင်းဖြစ်ပွားသော မြေယာပိုင်ဆိုင်မှုများအငြင်းပွားမှုတွေ ထိုကဲ့သို့ ထိရောက်စွာ ဖယ်ရှားရှင်းလင်းမှုတွေ မပြုလုပ်ပေးနိုင်တဲ့အတွက် ပြည်သူတချို့ နှစ်ရှည်လများ နစ်နာလျှက်ရှိတယ် လို့ ဦးဇော်ဝင်းသန့်က မေးခွန်းမေးမြန်းရာမှာ ထည့်သွင်းမေးခဲ့ပါတယ်။
” သက်ဆိုင်ရာတရားရုံးရဲ့ ကူညီပံ့ပိုးပေးမှု အားနည်းခြင်းကြောင့် တရားရုံးရဲ့အမိန့်ဒီဂရီတွေမှာ မြေပြင်မှာ အကောင်အထည်ဖော်နိုင်မှုအားနည်းနေပါတယ်၊ သူများမြေပေါ်မှာ ကျူးကျော်နေထိုင်ပြီး ထွက်ပေးရမယ်ဆိုရင် ပိုက်ဆံဘယ်လောက်ပေးရမယ်ဆိုပြီး ငွေကြေးညှစ်ပြီးတောင်းခံနေတာ စျေးကွက်ကြီးသဖွယ် ဖြစ်နေပါတယ်၊ ထို့ကြောင့်တရားရုံးအနိုင်ဒီဂရီရဲ့ သြဇာသက်ရောက်မှုကို ထိခိုက်စေရုံသာမက တရားနိုင်တွေအနေနဲ့ နှစ်ထပ်ကွမ်းနစ်နာနေရလို့ အနိုင်ဒီဂရီရရှိထားတဲ့ မြေတွေကို လက်ရောက်ရယူဖို့အတွက် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ဖို့ အစီအစဥ်ရှိ မရှိနဲ့ ရှိပါက ဘယ်လိုအကူအညီတောင်းခံရမလဲ” ဆိုတဲ့ မေးခွန်းကို လွှတ်တော်ကတဆင့် မေးမြန်းခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က ” ပုဂ္ဂလိကမြေပိုင်ဆိုင်မှု အငြင်းပွားမှုများနဲ့ ပတ်သက်ပြီး အနိုင်ဒီဂရီရရှိထားသူ တရားနိုင်မှာ မြေကိုလက်ရောက်ရယူရေးအတွက် တရားရုံးကို ဦးတိုက်လျှောက်ထားရန်လိုအပ်ပြီး လျှောက်ထားလာပါက တရားရုံးသည် အချင်းဖြစ်ပစ္စည်းကို တရားနိုင်သို့မဟုတ် ရထိုက်ခွင့်ရှိသူ ထံကို လက်ရောက်ပေးအပ်နိုင်ဖို့ တရားမကျင်းထုံးဥပဒေအမိန့် ၂၁၊ နည်းဥပဒေ ၃၅ အရ အပ်ဝရမ်းကို အတည်ပြုဆောင်ရွက်ရမှာဖြစ်ကာ အပ်ဝရမ်းမဆောင်ရွက်မီ တရားရုံးသည် အချင်းဖြစ်ဥပစာတွင်နေထိုင်သူများအား ဥပဒေနဲ့အညီ ဖယ်ရှားနိုင်ရေးအတွက် သက်ဆိုင်ရာ စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ၊ ရဲတပ်ဖွဲ့တို့ကို လိုအပ်သောလုံခြုံရေးအင်အား အကူအညီပေးရန် တရားရုံးမှ စာဖြင့်တောင်းခံခြင်း ပြုလုပ်ရမှာဖြစ်တယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဲ့ဒီနောက်တရားရုံးက လုံခြုံရေးအကူအညီတောင်းခံတဲ့အပေါ် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ မြို့နယ်ရဲတပ်ဖွဲ့တို့က လုံ လောက်သောအင်အားနဲ့ လုံခြုံရေးပေါင်းစပ် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က ဖြေကြားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW