အညာဒူဘိုင်းလို့ခေါ်တဲ့ မြိုင်မြို့နယ်ထဲက ရေနံမြေလုပ်ကွက်အထိ အစိုးရတပ်စစ်ကြောင်း ရောက်ရှိပြီး တိုက်ပွဲတွေဖြစ်နေ

ဩဂုတ် ၁၇၊ ၂၀၂၆
GG (VOM)
မကွေးတိုင်း ၊ မြိုင်မြို့နယ်ထဲက ကျောက်ခွက်ရေနံမြေ နဲ့ ဝဲတူးရေနံမြေအထိ အစိုးရတပ် စစ်ကြောင်း ရောက်ရှိနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်စစ်ကြောင်းတွေက မှန်ရင်းကျေးရွာနဲ့ တောင်စုံရွာမှာ စခန်းအထိုင်ချပြီး ရှေ့ပြေးစစ်ကြောင်းတွေက ရေနံမြေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းဆက်ထိုးနေတဲ့အပြင် လေကြောင်း ၊လက်နက်ကြီးတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
“Well2 ဝဲတူးရေနံမြေထဲကို ရောက်တာရှိတယ်။ရှေ့ပြေးကင်းတချို့ ရောက်တာမျိုး ဝင်နိုင်တဲ့အခြေအနေမျိုးပါ။သိမ်းနိုင်တာမျိုးတော့ မဟုတ်ဘူး ။ ဒီထဲကို မရရအောင်ဝင်မယ့် ပုံစံတွေလုပ်လာတာတွေ့ရတယ်။ တိုက်ပွဲကတော့ မိုင်းဆွဲတာ ၊ထိတွေ့တာ ၊လေကြောင်းတိုက်ခိုက်တာ ရှိနေတယ် ။ ဒီ Well 2 ဝဲတူးဘက်ကိုမရရအောင် ဝင်မယ့်သဘောရှိတယ်။အခုစစ်ကြောင်းရောက်နေတဲ့ တောင်စုံ ၊ မှန်ရင်း ရွာနဲ့ ရေနံမြေတွေက အရမ်းမဝေးဘူး ။ ဆိုင်ကယ်နဲ့ဆို ၁၀ မိနစ် ၁၅ မိနစ်ပဲဝေးတယ်။ ရေနံမြေလုပ်သားတွေကတော့ မရှိတော့ဘူး ။အကုန်ရှောင်နေပြီးသား ။ စစ်ကြောင်းရောက်ကတည်းကပဲ ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရေနံမှော်တွေကို ပြန်လည်ထိန်းချုပ် ဖို့အတွက် အစိုးရတပ်စစ်ကြောင်းက စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာကဒေသခံတွေ စစ်ရှောင်နေကြရသလို ရေနံလုပ်သားတွေလည်း စစ်ရှောင်နေရတဲ့အတွက် ရေနံတူးဖော်မှုတွေ ရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။
” Well2 ဝဲတူး ၊ ဝဲဝမ်း ၊ကျောက်ခွက်ရေနံမြေအရှေ့ပိုင်းမှာတော့ စစ်ကြောင်းရောက်တဲ့ ဩဂုတ်လ ၂ ရက်ကတည်းက ရေနံတူးတာ ၊ဖော်တာ အကုန်ရပ်ဆိုင်းထားတယ်။ ခပ်လက်စကျင်းတွေ တူးလက်စကျင်းတွေပဲကျန်တယ်။ လူတွေမရှိတော့ဘူး ။ ” လို့ သူကထပ်ပြောပါတယ်။
မြိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကစပြီး တိုက်ပွဲတွေ ပြန်လည်စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ဩဂုတ်လမှာတော့ ရေနံမှော်တွေအထိ စစ်ကြောင်းဝင်ရောက်မှုရှိလာတာဖြစ်ပါတယ်။
မြိုင်မြို့နယ်အတွင်းမှာ ကျောက်ခွက်ရေနံမြေက အထင်ရှားဆုံး ၊ အဓိကအကျဆုံးနဲ့ ဧရိယာအကျယ်ဆုံး ရေနံမြေလုပ်ကွက်ဖြစ်ပြီး အရင်က မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) လက်အောက်ရှိ ရေနံမြေလုပ်ကွက်တခု ဖြစ်တယ်လို့သိရပါတယ် ။
အဆိုပါ ရေနံမှော်လုပ်ကွက်တွေကို ပြီးခဲတဲ့ ၂၀၂၄ မတ်လမှာ PDF တပ်တွေက ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – Cj

Related posts

Leave a Comment

VOM News

FREE
VIEW