မန္တလေး၊ သြဂုတ်- ၁၈- ၂၀၂၆
SA(VOM)
တောင်ပြုံးပွဲတော်ကာလအတွင်း သူရဲစျေးဘူတာကနေ တောင်ပြုံးဘူတာအထိ ရထားခရီးစဉ်ကို အများပြည်သူအတွက် မနက်ဖြန် ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေ့စဉ် ပြေးဆွဲပေးမှာဖြစ်ပြီး ရထားလက်မှတ်ခကို ခရီးသည်တစ်ဦးကို ၁,၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
မနက်ဖြန်ပြေးဆွဲပေးမယ့် ခရီးစဥ်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီကနေ့မှာ မန္တလေး သူရဲစျေးဘူတာမှာ ဖွင့်ပွဲကျင်းပခဲ့ပြီး သူရဲစျေးဘူတာကနေ တောင်ပြုံးဘူတာအထိ RBE ရထားနဲ့ ရထားခရီးစဥ်ကို လိုက်ပါစီးနင်းခဲ့သလို တောင်ပြုံးကျေးရွာက ဆုတောင်းပြည့်၊ ဆုတောင်းရဘုရား ကိုလည်း ဖူးမျှော်ခဲ့ပါတယ်။
ရထားခရီးစဉ်ကို တရက် အသွားအပြန် နှစ်ခေါက် ပြေးဆွဲပေးမှာဖြစ်ပြီး သူရဲစျေးဘူတာမှ မနက် ၇ နာရီမှာ ထွက်ခွာကာ တောင်ပြုံးဘူတာကို နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။
တောင်ပြုံးဘူတာမှ မနက် ၉ နာရီအချိန်မှာ ပြန်လည်ထွက်ခွာကာ သူရဲစျေးဘူတာကို မနက် ၉ နာရီ ၄၅ မိနစ်မှာ ပြန်လည်ရောက်ရှိမည်ဖြစ်တယ်လို့သိရပါတယ်။
နေ့လယ်ပိုင်းခရီးစဉ်အနေနဲ့ သူရဲစျေးဘူတာမှ နေ့လယ် ၁ နာရီ ၃၀ မိနစ်မှာ ထွက်ခွာကာ တောင်ပြုံးဘူတာကို နေ့လယ် ၂ နာရီ ၁၅ မိနစ်မှာ ရောက်ရှိမည်ဖြစ်ပြီး တောင်ပြုံးဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာကာ သူရဲစျေးဘူတာကိုညနေ ၅ နာရီမှာ ရောက်ရှိမည်ဖြစ်ပါတယ်။
ရထားတွဲတွေကို စက်ခေါင်းတစ်လုံး၊ ရိုးရိုးတန်းတွဲ ၆ တွဲနဲ့ ဘ ရိတ်တွဲ ၂ တွဲ၊ စုစုပေါင်း ၈ တွဲနဲ့ ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။
တောင်ပြုံးပွဲတော်ကို တောင်ပြုံးရွာ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားပွဲဖြစ်တဲ့ ဝါခေါင်လပြည့်နေ့မှာ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ သံဃာတော်တွေကို ဆွမ်းဆန်စိမ်းနဲ့လှူဖွယ်ပစ္စည်းများလှူဒါန်းပွဲထက် မင်းနှစ်ပါးနဲ့ ပတ်သက်တဲ့ ကန်တော့ခံပွဲ၊ စံနန်းတော် မင်္ဂလာရေစင်ဆေးပွဲ၊ ညီလာခံသဘင်၊ ချိုးရေတော်သုံးပွဲ၊ ယုန်ကြိုပွဲ၊ ထိန်ခုတ်ပွဲစတဲ့ ရိုးရာနတ်ပွဲတော် အစဉ်အလာတွေကို ပိုမို လူသိများကြတာလည်း ဖြစ်ပါတယ်။
တောင်ပြုံးပွဲတော်ကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ကျန်းမာရေးကိစ္စရပ်တွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အကျဉ်းရုံးသာ ကျင်းပဖြစ်ပေမယ့် အခု ၂၀၂၃ ခုနှစ်ကစတင်ပြီး နှစ်စဥ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာကြောင့် အနယ်အနယ်အရပ်ရပ်က လာရောက်လည်ပတ်သူတွေနဲ့ စည်စည်ကားကားရှိတယ်လို့ သိရပါတယ်။
ဘုရားဖူးပြည်သူတွေနဲ့ ရိုးရာဓလေ့ ကိုယ်းကွယ်သူများ လာရောက်ရောင်းချကြမယ့် စျေးသူ/ စျေးသားတွေကိုလည်း စိတ်အေးချမ်းသာစွာ လာရောက်ကြဖို့ကိုလည်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ဖိတ်ခေါ်ထားပါတယ်။
