မြင်းခြံမြို့နယ်အတွင်း နယ်မြေတည်ငြိမ်ပြီး လုံခြုံရေးကောင်းမွန်လာမယ့်အချိန် 3G နဲ့ 4G စနစ် မိုဘိုင်းအင်တာနက်လိုင်းတွေ အသုံးပြုနိုင်ရေး ဆောင်ရွက်မယ်

မန္တလေး၊ သြဂုတ်- ၁၈- ၂၀၂၆
SA(VOM)
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့အခမ်းအနားမှာ မြင်းခြံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးပြည့်ဖြိုးကျော် က မြင်းခြံမြို့နယ်မှာ ဖုန်းအင်တာနက်လိုင်းတွေ ပြန်လည်ဖွင့်ပေးဖို့ အစီအစဥ် ရှိ/မရှိ လွှတ် တော်ကတဆင့် သက်ဆိုင်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့ပါတယ်။
“မြင်းခြံမြို့နယ်မှာ ဖုန်းအင်တာနက်လိုင်းတွေ ပိတ်ထားတာ နှစ်များစွာကြာမြင့်ပြီဖြစ်ပါတယ်၊ ထိုသို့ ဖြတ်တောက်ထားခြင်းသည် မလိုလားအပ်သော သတင်းပေါက်ကြားမှုဖြစ်ပေါ်နိုင်၍ အကြောင်းပြနိုင်သော်လည်း ဝိုင်ဖိုင်ဆက်များနဲ့ အသုံးပြုနေတာကိုလည်းတွေ့ရပါတယ်၊ ထိုသို့ဖြတ်တောက်ထားခြင်းကြောင့် ဝိုင်ဖိုကုမ္မဏီများ ဝင်ငွေရနေပြီး နိုင်ငံတော်မှ ရသင့်ရထိုက်တဲ့ အခွန်မရရှိဘဲ ဖြစ်နေပါတယ်၊ သို့ဖြစ်ပါ၍ မြင်းခြံမြို့နယ်မှာ ဖုန်းအင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးနိုင်ဖို့ အစီအစဥ်ရှိမရှိ” မြင်းခြံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးပြည့်ဖြိုးကျော်က မေးခွန်းမေးမြန်းရာမှာ ထည့်သွင်းမေးမြန်းခဲ့ပါတယ်။
မြင်းခြံမြို့နယ်မှာ မိုဘိုင်းစခန်းတွေဖျက်စီးခံခဲ့ရပြီး၊ အင်တာနက်ဝန်ဆောင်မှုပေးရန် အသုံးပြုရတဲ့ ဖိုက်ဘာဆက်ကြောင်းတွေ ချို့ယွင်းပျက်တောက်နေတဲ့အတွက် မြင်းခြံမြို့နယ်မှာ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု SMS တို့ကို 2G စနစ်နဲ့ ဝန်ဆောင်မှု ဆောင်ရွက်နေရတာဖြစ်တယ်လို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်က ပြောပါတယ်။
မြင်းခြံမြို့နယ်အတွင်းမှာ နယ်မြေတည်ငြိမ်အေးချမ်းပြီး လုံခြုံ ရေးကောင်းမွန်လာတဲ့အချိန်မှာ ပျက်ဆီးခဲ့တဲ့ မိုဘိုင်းစခန်းတွေနဲ့ ဖိုက်ဘာဆက်ကြောင်းတွေကို အမြန်ဆုံးသွားရောက်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပြီး အဲ့ဒီဆက်ကြောင်းတွေ ပြန်လည်ကောင်းမွန်ရင် 3G နဲ့ 4G စနစ် မိုဘိုင်းအင်တာနက်လိုင်းတွေ အသုံးပြုနိုင်ရေး အမြန်ဆုံးမဖြစ်မနေ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW