YMBA ရုံးခန်းကို လက်နက်ကိုင် လူလေးယောက် ရောက်လာပြီး ဗဟိုအတွင်းရေးမှူးကို ဖမ်းခေါ်ဖို့ ကြိုးစား

ဩဂုတ် ၂၀ – ၂၀၂၆
SS (VOM)
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်နဲ့ အနောက်ဘက်မုခ်ကြားရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးခန်းကို ဒီကနေ့ ဩဂုတ် ၂၀ ရက်၊ နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ က လက်နက်ကိုင် လူလေးယောက် ရောက်လာပြီး ဗဟိုအတွင်းရေးမှူးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးစားခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။
အခင်းဖြစ်ချိန် အသင်းရုံးခန်းအတွင်း ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်တို့နဲ့အတူ တခြား အမျိုးသား နှစ်ယောက်၊ အမျိုးသမီး တယောက်၊ စုစုပေါင်း ငါးယောက် ရှိနေခဲ့တာဖြစ်ပြီး အမည်မသိ အမျိုးသား လေးယောက် ရောက်လာကာ ဗဟိုအတွင်းရေးမှူးကို ထိုးကြိတ်ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
“ဗဟိုအတွင်းရေးမှူးကို လူနှစ်ယောက်က ချုပ်ပြီး အဝါရောင်တိပ်နဲ့ ချည်နေတဲ့အချိန် ကျန်တဲ့လူတွေက ထွက်ပြေးကြတာ။ ကျန်တဲ့လူတွေ ထွက်ပြေးပြီး အပြင်ရောက်တော့ အော်ဟစ်အကူအညီတောင်းကြလို့ လူတွေသိကုန်ပြီး ဝိုင်းလာကြတော့မှ သေနတ်သမားတွေလည်း သူတို့လာဖမ်းတဲ့လူကိုထားပြီး ထွက်ပြေးသွားကြတာ။ ဘယ်အဖွဲ့လဲ၊ ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကိုတော့ မသိရသေးဘူး” လို့ ဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
လက်နက် ကိုင်ဆောင်ထားသူတွေဟာ ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်ရဲ့ကားနဲ့ ထွက်ပြေးဖို့ ကနဦး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ခြေလျင်ထွက်ပြေးသွားကြပြီး ဦးမောင်မောင်ညွန့်ရဲ့ လက်ကိုင်ဖုန်းကိုလည်း ယူဆောင်သွားကြတယ်လို့ သိရပါတယ်။
ဦးမောင်မောင်ညွန့်ဟာ ညာဘက်မျက်လုံး ဖူးယောင်ပေါက်ပြဲဒဏ်ရာ၊ အပေါ်သွားနဲ့ ခါးမှာ နာကျင်ဒဏ်ရာတွေရခဲ့ပြီး ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒဂုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းအတွင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အမှုဆောင် အပါအဝင် ၁၂ ယောက်အထိ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
Photo – YMBA

Related posts

Leave a Comment

VOM News

FREE
VIEW