ဩဂုတ်၂၀ ၊ ၂၀၂၆
GG (VOM)
မကွေးတိုင်း၊ မကွေးမြို့နယ် ကန်ဦးကျေးရွာမှာ အဖေဖြစ်သူရဲ့ အရက်ကြောင်ကြောင်ပြီး ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် အသက် ၅ နှစ်အရွယ်သား သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဩဂုတ် ၁၉ ရက်နေ့မနက် ၈ နာရီခန့်လောက်မှာ သားဖြစ်သူကို အဖေဖြစ်သူက ရွာအပြင်ဘက်ခေါ်ထုတ်သွားပြီး ကိုင်ပေါက်ခြင်း ၊ ရိုက်နှက်ခြင်း ၊ လည်ပစ်ညှစ်တာတွေပြုလုပ်ခဲ့တာကြောင့် ကလေးငယ်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
” အဖေက အရက်ကြောင်နေပေမယ့်လည်း မိဘဆိုတော့ အဲဒီလိုသေလောက်တဲ့အထိ မလုပ်လောက်ဘူးထင်တာရယ် ၊ မူးနေတော့ မပြောချင်တာနဲ့ ကလေးကိုထည့်ပေးလိုက်ကြတာလို့သိရတယ်။ ကလေးခန္ဓာကိုယ်မှာ တုတ်နဲ့ရိုက်ထားတဲ့ဒဏ်ရာတွေလည်းတွေ့ရတယ်။ ကလေးက သူခေါ်သွားပြီးရိုက်တဲ့နေရာမှာပဲ ဆုံးသွားတာ ။ အဖေဖြစ်ပြီးတော့ ကိုယ့်သားသမီးကို ဒီလောက်တောင်လုပ်ရက်တယ်။ ” လို့ ဖြစ်စဥ်သိတဲ့ ဒေသခံကပြောပါတယ်။
ဖခင်ဖြစ်သူရဲ့ ရိုက်နှက်တာကိုခံရလို့ ကလေးငယ်မှာ ဦးခေါင်း၊ လည်ပင်းနဲ့ နဖူးအပါအဝင် ခန္ဓာကိုယ်တွေမှာ ဒဏ်ရာတွေရရှိပြီး နေရာမှာပင် သေဆုံးသွားတာလို့ ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်ရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် လိုအပ်တဲ့စစ်ဆေးမှုပြုလုပ်ကာ နေအိမ်ကို ပြန်ပို့လိုက်ကြတယ်လို့ သိရပါတယ်။
သားဖြစ်သူကို သေစေအောင် ရိုက်နှက်ခဲ့တဲ့ ဖခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကျော်သူလင်းဆိုသူကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတွေက ဖမ်းဆီးပြီး မကွေးရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ် အောက်တိုဘာလတုန်းကလည်း မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ ၊ခလောက်အင်းရပ်ကွက် ၊နယ်မြေ (၄ ) ၊အောင်သစ္စာလမ်းရှိ နေအိမ်တအိမ်မှာ အဖေက သားအရင်းကို ဓားနဲ့ခုတ်သတ်မှုရှိခဲ့ပါတယ်။
ပုံစာ – ဖခင်၏ရိုက်နှက်မှုကြောင့် သေဆုံးသွားသည့် ကလေးငယ်အား ဒေသခံပရဟိတအသင်းမှ သယ်လာစဉ်
