မရမ်းကုန်းမြို့နယ်က တရားမဝင် ဘေးတွဲဆိုင်ကယ်တွေကြောင့် အနှေးယာဉ်လုပ်သားတွေ အခက်တွေ့နေ

စက်တင်ဘာ ၅ – ၂၀၂၆
SN (VOM)
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ တရားမဝင် လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်တွေ ပြေးဆွဲနေတာကြောင့်လအနှေးယာဉ်လုပ်သားတွေ စားဝတ်နေရေးနဲ့ ခရီးသည်ရရှိမှု အပိုင်းမှာ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အနှေးယာဉ်လုပ်သားတွေက ပြောပါတယ်။
လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်တွေနဲ့ မော်တာဘီးတပ် ဆိုက္ကားတွေဟာ မရမ်းကုန်းမြို့နယ်အတွင်း အမှတ် (၁၊ ၂၊ ၃) ရပ်ကွက်တွေမှာ ဂိတ်တိုပြေးဆွဲခြင်း၊ ရပ်ကွက်အတွင်း လှည့်လည်ကာ အိမ်တိုင်ရာရောက် ခရီးသည် ခေါ်ယူနေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ရပ်ကွက်တွေအတွင်း လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ် အစီးရေ ၆၀၀ ကျော်၊ ၇၀၀ နီးပါး ရှိနေပြီး တချို့သော ရပ်ကွက်တာဝန်ရှိ လူကြီးတွေက လစဥ်ကြေး ကောက်ယူကာ ပြေးဆွဲခိုင်းနေတာလို့ အနှေးယာဉ်လုပ်သား တယောက်က ပြောပါတယ်။
“လစဥ်ကြေးက ဘေးတွဲသမား တယောက်ကို တလ သုံးသောင်းနှုန်း ပေးရတယ်လို့ သိရတယ်။ အဲဒီ ဘေးတွဲတွေကြောင့် ကျွန်တော်တို့ ဘယ်လိုမှ လုပ်ကိုင်စားရတာ အဆင်မပြေတော့ဘူး။ သူတို့ကပဲ နေရာယူထားသလို ဖြစ်နေတယ်။ ကျွန်တော်တို့ ဝင်ဆွဲရင် ပြဿနာတွေတက်၊ ရန်တွေဖြစ်တယ်။ ရပ်ကွက်ရုံး ရောက်သွားရင်လည်း အုပ်ချုပ်ရေးမှူးက ဘာမှ မဖြေရှင်းပေးဘူး။ ခံဝန်ထိုးခိုင်းရုံနဲ့ပဲ ပြီးသွားတာ” လို့ သူက ပြောပါတယ်။
လက်ရှိ မရမ်းကုန်းမြို့နယ်မှာ စည်ပင်သာယာရေး ကော်မတီက တရားဝင် ချပေးထားတဲ့ အနှေးယာဉ် စုစုပေါင်း အစီးရေ ၄၃၀ လောက်သာရှိကာ ဘေးတွဲဆိုင်ကယ်တွေက အရေအတွက် ပိုများနေတယ်လို့ သူက ပြောပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အနှေးယာဉ်လုပ်သားတွေ အားလုံး စုပေါင်း လက်မှတ်ထိုးကာ ဇွန်လမှာ တကြိမ်၊ ဇူလိုင်လမှာ တကြိမ် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဌာနတွေနဲ့ မြို့နယ်၊ တိုင်းဒေသကြီး ရဲစခန်းတွေကို စာပေးပို့ တိုင်ကြားထားပေမယ့် လက်ရှိအချိန်အထိ အကြောင်းမထူးသေးဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့ တကယ်အဆင်မပြေတဲ့ အကြောင်းကိုပဲ အဓိကရေးပြီး ဒီ တရားမဝင် ဘေးတွဲဆိုင်ကယ်တွေကို ဖယ်ရှားပေးဖို့ တိုင်ကြားထားတာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့တုန်းကတော့ ကျွန်တော်တို့ကို မြို့နယ်ကခေါ်တယ်။ တိုင်တဲ့အကြောင်းအရာ မှန်၊ မမှန်ကို လူတွေ့စစ်ဆေးတာလို့ ပြောတယ်။ ကျန်တာတော့ ဘာမှမလုပ်ပေးသေးဘူး။ လက်ရှိ မြေပြင်အခြေအနေမှာကတော့ ဒီတိုင်းက ဒီတိုင်းပဲ။ ဘာမှ လာဖမ်းတာလည်း မရှိသလို စစ်ဆေးတာလည်း မရှိသေးဘူး” လို့ သူက ပြောပါတယ်။
တရားမဝင် ဆိုင်ကယ်ဘေးတွဲတွေနဲ့ ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ခရိုင်ရုံး၊ ရန်ကုန် – တောင်ပိုင်းတိုင်း) ရဲ့ ထုတ်ပြန်ချက်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ (၈၅) ပုဒ်မခွဲ (စ) အရ မည်သူမျှ ဥပဒေနဲ့အညီ အခွင့်အာဏာမရှိဘဲ မော်တော်ယာဉ်ရဲ့ မူလ အမျိုးအမည်၊ ရုပ်သဏ္ဌာန် ပျက်ပြားစေတဲ့အထိ ပြုပြင်ပြောင်းလဲခြင်း မပြုရလို့ ဖော်ပြထားပါတယ်။
မော်တော်ယာဉ်ရဲ့ မူလ အမျိုးအမည်၊ ရုပ်သဏ္ဌာန် ပျက်ပြားစေတဲ့အထိ ပြုပြင် ပြောင်းလဲထားပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၅ နဲ့ ပုဒ်မ ၉၆ အရ အရေးယူခံရမယ်လို့ သိရပါတယ်။
လက်ရှိ မရမ်းကုန်းမြို့နယ် အတွင်းက ဘေးတွဲ ဆိုင်ကယ်တွေအနေနဲ့ အဲဒီ ထုတ်ပြန်ချက်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာ တွေ့ရပြီး ဘေးတွဲ ပြေးဆွဲနေတာ တနှစ်ဝန်းကျင် ရှိနေပြီလို့ အနှေးယာဉ်လုပ်သားက ပြောပါတယ်။
“ပထမတုန်းကတော့ နည်းနည်းလေးပေါ့၊ တရပ်ကွက်ကို ၁၀ စီး၊ ၁၅ စီးလောက်ပဲ ရှိသေးတယ်။ နောက်တော့ အစီး ၂၀၊ ၃၀။ အဲဒီအထိ ကျွန်တော်တို့ဘက်က ရသေးတယ်၊ ဘာမှမဖြစ်သေးဘူး။ ဒါပေမယ့် တရပ်ကွက်ကို အစီး ၁၀၀ လောက်ဖြစ်သွားတော့ တော်တော်သိသာသွားတယ်။ တဖြည်းဖြည်းနဲ့ ၁၀၀၊ ၁၅၀ ကနေ ၂၀၀ ဖြစ်သွားပြီး ရပ်ကွက် သုံးရပ်ကွက်လည်း ပေါင်းလိုက်ရော ၆၀၀၊ ၇၀၀ နီးပါး ဖြစ်သွားပြီ” လို့ သူက ပြောပါတယ်။
ဒါကြောင့် စီးပွားရေးအရ ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့ မရတော့ဘဲ မိသားစု စားဝတ်နေရေးနဲ့ ကလေးကျောင်းပညာ သင်ကြားရေးစရိတ်တွေ အဆင်ပြေမှု မရှိတော့တာကြောင့် လက်ရှိ တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ လိုချင်တဲ့ အနေအထားအထိ ရောက်အောင် အဆင့်ဆင့် တိုင်ကြားသွားမယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကြောင့်လည်း ဘုရင့်နောင်ပွဲရုံ၊ ဘုရင့်နောင်လမ်းမ၊ အောက်ဗဟိုလမ်း၊ အထက်ဗဟိုလမ်း၊ အင်းစိန်လမ်းနဲ့ အောင်သိဒ္ဓိ လမ်းမကြီးတွေမှာ နေ့စဉ် လုယက်မှုနဲ့ မလိုလားအပ်တဲ့ အမှုအခင်းတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အနှေးယာဉ်လုပ်သား

Related posts

Leave a Comment

VOM News

FREE
VIEW