ခွင့်ပြန်လုပ်သားတွေ OWIC ပြုလုပ်ခွင့်နဲ့ ပြည်ပပြန်ထွက်ခွာခွင့်ရဖို့ မိသားစုလွှဲပို့ငွေလစာရဲ့ ၂၅ % နဲ့ ဝင်ငွေခွန် ၂ % ပေးဆောင်ထားတဲ့ အထောက်ထားပြရမယ်

စက်တင်ဘာ ၁၉ ၊ ၂၀၂၆
GG (VOM)
ခွင့်ပြန်လုပ်သားတွေ ပြည်ပပြန်လည်ထွက်ခွာခွင့်နဲ့ OWIC ပြုလုပ်ခွင့် တင်ပြတဲ့အခါ မိသားစု လွှဲပို့ငွေ လစာရဲ့ ၂၅ ရာခိုင်နူန်း နဲ့ ဝင်ငွေခွန် ၂ ရာခိုင်နူန်း ပေးဆောင်ထားတဲ့ အထောက်အထားတွေကို တင်ပြရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မိသားစုလွှဲပို့ငွေ လစာရဲ့ ၂၅ ရာခိုင်နူန်းပေးဆောင်ခြင်းနဲ့ပတ်သက်လို့ အထောက်အထားတင်ပြရာမှာ အမိန့်ကြေငြာစာထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်ကစပြီး ငွေလွှဲထားကြောင်းကို တင်ပြရမယ်လို့ သိရပါတယ် ။
” ဝန်ကြီးဌာနက အမိန့်ကြော်ငြာတဲ့အချိန်ကစပြီး ဒီနေ့အထိ တခါမှ မိသားစုဆီမလွှဲရသေးဘူးဆိုရင် လကိုတွက်ပြီး ကျသင့်ပမာဏကို အကုန်လွှဲထားကြောင်းပြရမှာပါ။ ဥပမာ အခြေခံလုပ်ခလစာကို တွက်လိုက်လို့ သိန်း ၈၀ လောက်လွှဲရမယ်ဆိုရင် ခန့်မှန်း ၁၀၀ လွှဲလိုက်လည်းရတယ်။လျော့လို့မရဘူး ၊ပိုရင်ကိစ္စမရှိဘူး။ တခုသတိထားရမှာက လွှဲတဲ့သူက ကိုယ့်နာမည်နဲ့လွှဲတာ ဖြစ်ရမယ် ။ အခုကစာထွက်ပြီဆိုတော့ မဖြစ်မနေကိုလွှဲရမှာပါ ။ မိသားစုလွှဲငွေမပြနိုင်ရင် ပြန်ထွက်ခွင့်မပြုတော့တဲ့အခြေအနေ ဖြစ်သွားပါတယ်။ ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခု တာဝန်ရှိသူက ပြောပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့လည်း ပြည်ပကို စေလွှတ်ခဲ့တဲ့ လုပ်သားအရေအတွက်ရာနူန်းပြည့်ရဲ့ မိသားစုလွှဲပို့ငွေ လစာ ၂၅ ရာခိုင်နူန်း လွှဲထားကြောင်းအထောက်အထားကို ဝန်ကြီးဌာနဆီ တင်ပြနိုင်ခြင်းမရှိပါက အလုပ်ခေါ်စာ (Demand Letter)အသစ် တင်ပြခွင့် ဆိုင်းငံ့သွားမယ်လို့ အသိပေးထားပါတယ်။
ဝင်ငွေခွန် ၂ ရာခိုင်နူန်း ပေးဆောင်ထားခြင်း မရှိဘဲ မြန်မာပြည်ပြန်ရောက်နေသူတွေအနေနဲ့ကတော့ မိမိတို့ရဲ့ သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးမှာ ကျသင့်အခွန်ငွေကို ပေးဆောင်နိုင်တယ်လို့ သိရပါတယ်။
ပြည်ပပြန်ထွက်ခွင့်တင်ပြရာမှာ အဲဒီနှစ်ချက်အပါအဝင် နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိတဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရှေ့/နောက်မိတ္တူ၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်/ Visa မိတ္တူ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ရိုက်နှိပ်ထားတဲ့ ပြည်ထွက်ခွင့်နဲ့ ပြည်ဝင်ခွင့်တံဆိပ်တုံး ပါရှိတဲ့ နိုင်ငံကူးလက်မှတ်စာမျက်နှာ(မိတ္တူ) ၊ လေယာဉ်လက်မှတ်မိတ္တူ၊ အလုပ်ရှင်ရဲ့ ခွင့်စာမိတ္တူ နဲ့ သက်ဆိုင်ရာနိုင်ငံသံရုံး သံရုံးထောက်ခံချက်၊ ရောက်ရှိကြောင်းသတင်းပို့ပုံစံ စုစုပေါင်း အထောက်အထား ၁၀ မျိုးတင်ပြရမယ်လို့ သိရပါတယ်။
OWIC ပြုလုပ်ခွင့်တင်ပြရာမှာတော့ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နူန်းနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နူန်း အပါအဝင် နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်မိတ္တူ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ရိုက်နှိပ်ထားတဲ့ ပြည်ထွက်ခွင့်နဲ့ ပြည်ဝင်ခွင့်တံဆိပ်တုံး ပါရှိတဲ့ နိုင်ငံကူးလက်မှတ်စာမျက်နှာ(မိတ္တူ) ၊အလုပ်ရှင်ရဲ့ ခွင့်စာမိတ္တူ နဲ့ သက်ဆိုင်ရာနိုင်ငံသံရုံး သံရုံးထောက်ခံချက်၊ ရောက်ရှိကြောင်းသတင်းပို့ပုံစံ စုစုပေါင်း အထောက်အထား ၈ ခု တင်ပြရမှာဖြစ် ပါတယ်။
” ဖြေလျှော့မှုလုပ်ရမယ့်အစား ပိုပြီး တင်းကြပ်လာတာပဲရှိတယ်။ မိသားစုလွှဲပို့ငွေလွှဲရတာ ကိစ္စမရှိပေမယ့် ငွေလဲနူန်းက ကွာနေတော့ ကျွန်တော်တို့ နစ်နာတာပေါ့။ မလွှဲချင်လို့ မဟုတ်ပါဘူး။ ဝင်ငွေခွန်ဆောင်ခိုင်းတာလည်း ဆောင်ဆိုတော့ဆောင်ရမှာပေါ့။ ကျွန်တော်တို့အလုပ်သမားတွေ အဆင်ပြေပြေ ပြန်ထွက်နိုင်အောင်လည်း လုပ်ပေးစေချင်တယ်။ သူများနိုင်ငံမှာ အခက်ခဲဖြစ်တာ ဒုက္ခကြုံရင် သံရုံးတွေအနေနဲ့ ကူညီပေးဖို့လိုအပ်တယ်။ ” လို့ စင်္ကာပူရောက် နိုင်ငံသားတယောက်က ပြောပါတယ်။
ဒါကြောင့် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နူန်း လွှဲတဲ့အခါ ငွေလဲလှယ်နူန်းကို သင့်တင့်မျှတတဲ့ နူန်းထားတခု ဖြစ်အောင် လုပ်ပေးဖို့ ပြည်ပရောက် မြန်မာလုပ်သားတွေက ဆန္ဒရှိကြပါတယ်။
ဒါအပြင် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နူန်း လွှဲတာနဲ့ပတ်သက်ပြီး ပြည်ပရောက် မြန်မာလုပ်သားတွေ နဲ့ မြန်မာပြည်ထဲက ငွေပြန်ထုတ်မယ့် မိသားစုဝင်တွေ အဆင်ပြေအောင် ဘဏ်စနစ်သီးသန့်မဟုတ်ဘဲ KBZ Pay ၊ Wave Money ၊ AYA Pay ၊ Mytel Pay လို့ အလွယ်တကူလွှဲပြီး အလွယ်တကူထုတ်လို့ရအောင်စီစဥ်ပေးဖို့ လိုအပ်တယ်လို့ သိရ ပါတယ်။
လက်ရှိမှာ တရားဝင်လမ်းကြောင်းကနေ ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မှုနဲ့ပတ်သက်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းကို ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ထားပါတယ်။
ဓာတ်ပုံ – CJ

Related posts

VOM News

FREE
VIEW