ကျောက်မဲ မန်ကုန်းရွာမှာ TNLA တပ်သားနှစ်ယောက် ပစ်ခတ်ခံရလို့ သေဆုံး

စက်တက်ဘာ ၂၇၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မန်ကုန်းရွာမှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ SSPP တပ်သားတွေက TNLA တအာန်းပ​လောင်တပ်ဖွဲ့ဝင် နှစ်ယောက်ကို ပစ်ခတ်လိုက်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မနေ့က ညနေပိုင်းမှာ ကျေးရွာထဲက စားသောက်ဆိုင်မှာ စကားများကြတာကနေ ဖြစ်ကြတာလို့ သိရပါတယ်။
“လူငယ်တွေပါ။ အဲအနီးရွာက လူတွေပဲ ရွာခံပြည်သူ့စစ်အနေနဲ့ ဝင်ထားကြ တာ။ စကားများပြီး ပစ်လိုက်တာလို့ သိရပါတယ်။TNLA ဘက်က နှစ်ယောက်တော့ သေသွားတယ်” လို့ ဖြစ်စဉ်အခြေအနေ သိရှိသူ တယောက်က ပြော ပါတယ်။
သေဆုံးသူတွေဟာ TNLA ရဲ့ ကျေးရွာအခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး TNLA ရော SSPP ဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီဖြစ်စဉ်ကြောင့် နှစ်ဖက်တပ်ဖွဲ့တွေကြား အပြန်အလှန်တိုက်ခိုက်တာတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
“ ဒီနှစ်ဖွဲ့က အရင်ကတော့ တည့်တယ်။ ၁၀၂၇ ဖြစ်ပြီးနောက်ပိုင်း တဖွဲ့ နဲ့တဖွဲ့ သိပ်အမြင်မကြည်ကြဘူး။ ဒီဟာပေါ်အခြေခံပြီး တိုက်ပွဲဖြစ်မှာတော့ ကြောက်တာပေါ့။ ခေါင်းဆောင်ပိုင်းတွေကတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်မှာပါ ”လို့ကျောက်မဲ မြို့ခံတယောက်ကပြောပါတယ်။
ကျောက်မဲမြို့နယ် မန်ကုန်းရွာဟာ အစိုးရတပ်ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ မိုးကုတ်၊ ကျောက်မဲလမ်း တော့ဆန်ရွာ အနီးမှာ ရှိတာဖြစ်ပါတယ်။
အခင်းဖြစ်တဲ့နေရာဟာ SSPP တပ်ဖွဲ့က ဂိတ်စခန်းဖွင့်ထားတဲ့နေရာနဲ့ နီး တယ်လို့ဒေသခံတွေကပြောပါတယ်။
အဲဒီနေရာတဝိုက်မှာ SSPP ရော TNLA တပ်ဖွဲ့တွေပါ လှုပ်ရှားတဲ့နေရာတွေ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW