လောင်းလုံးက မြေပြိုမှုမှာ အလောင်းလေးလောင်းတွေ့ထားပြီး ပျောက်ဆုံးသူ ၁၀ဦး ထက်မနည်းရှိ​နေ

စက်တင်ဘာ ၂၇ ၊ ၂၀၂၆
GG (VOM)
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲက ကျေးရွာပေါင်း ၂၅ ရွာထက်မနည်းမှာ ရေကြီး၊ မြေပြိုမှုကြောင့် အိမ် ၅၀ ထက်မနည်း မြေမြုပ်ကာ အလောင်းလေးလောင်း တွေ့ရှိထားတယ်လို့ သိရပါတယ်။
မင်းရပ်ရွာက အမျိုးသမီး ရုပ်အလောင်း တလောင်း ၊ ကဒက်ငယ်ထိန်ရွာက အမျိုးသမီးနှစ်ယောက်နဲ့ ကလေး အလောင်းတလောင်းကို ရှာဖွေတွေ့ရှိထားပြီး မြေပိပြီး ပျောက်ဆုံးနေသူက ကိုရင်အပါအဝင် ၁၀ ယောက်ထက်မနည်းရှိတယ်လို့ သိရပါတယ် ။
တောင်ပြိိုမှုကို အဆိုးရွားဆုံးရင်ဆိုင်နေရတာကာ ကဒက်ငယ်ထိန်ရွာ ၊ ကရင်ကြီးရွာ ၊ ကျောက်နီမော် ၊ သဗျာ ၊ တောကျဲရွာတို့ဖြစ်ပြီး အဲဒီရွာတွေမှာ တောင်ပြိုမှုကြောင့် နေအိမ် ၅၀ ထက်မနည်း မြေပိသွားတာဖြစ်ကြောင်း လက်ရှိအထိလည်း တောင်ပြိုမှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။
” ကဒက်ငယ်ထိန်က တရွာထဲကို ဟိုဘက်ခြမ်းဒီဘက်ခြမ်းသွားမရတော့ပဲ ပိတ်မိနေတာ။ အလောင်း​သုံးလောင်းမှာ တယောက်က ဒီမနက်ထိအသက်ရှင်ပြီး ကယ်ဆယ်ရေးလုပ်ပြီးမှဆုံးသွားတာ ။ ပျောက်တဲ့အထဲက ဦးဇင်းတပါး ပြန်တွေ့တယ်။ ကျန်တဲ့ကိုရင်လေးနဲ့ ဘုန်းကြီးကျောင်းသားလေးတွေက မတွေ့သေးဘူး။ ” လို့ ကဒက်ငယ်ထိန်ရွာခံက ပြောပါတယ်။
သဗျာရွာမှာလည်း မြေအဖိုးသုံးယောက်သေဆုံးကြောင်း ပြောဆိုနေပြီး ပျောက်ဆုံးသူတွေရှိနေသလို တောကျဲရွာမှာလည်း ငါးယောက်ပျောက်ဆုံးနေကြောင်း သိရပါတယ်။
လက်ရှိ မြေပြိုတဲ့ ကျေးရွာဘက်တွေမှာ ဒေသခံအချင်းချင်း ကယ်ထုတ်နေကြရကြောင်း ၊ လောင်းလုံးမြို့နယ်ထဲက ကျေးရွာတွေ ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ စိုးမိုးထားတာဖြစ်ပြီး လက်ရှိ ရေကြီး ၊ မြေပြိုနေတဲ့ ရွာတချို့မှာ အရေးပေါ်ကူညီကယ်ဆယ်ရေးပြုလုပ်တာ မတွေ့ရသေး ဘူးလို့ သိရပါတယ်။
ဒါကြောင့် သဘာဝဘေးသင့်နေသူတွေက အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေးဖို့ ၊ ပျောက်ဆုံးနေသူတွေကို ရှာပေးဖို့ ၊ အစားအသောက် ဆေးဝါး စတဲ့ အကူအညီတွေ ပေးဖို့ လူမှုကူညီရေး အသင်းတွေကို အကူအညီတောင်းခံနေတာ တွေ့ရပါတယ်။
ထားဝယ်အခြေစိုက် လူမှုကူညီရေးအသင်းတချို့ကလည်း ရေကြီးနစ်မြုပ် ၊ မြေပြိုတဲ့ရွာတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ဖို့ သွားနေပေမယ့် လမ်းပိုင်းတလျှောက်မှာ ရေကြီးတာ ၊ တောင်ပြိုပြီး လမ်းပိတ်တဲ့ အခြေအနေတွေကြောင့် မရောက်သေးဘူးလို့ သိရပါတယ်။
” သဗျာရွာကို မရောက်သေးပါဘူး ။ လမ်းမှာပဲ ရှိသေးတယ်။ ” လို့ ကူညီရေးသွားနေတဲ့ လူမှုကူညီရေး အသင်းဝင်က ပြောပါတယ်။
ဒါကြောင့် ရေကြီး ၊ မြေပြိုတဲ့ကျေးရွာတွေက ဒေသခံတွေအတွက် ထိရောက်တဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ အရေးတကြီး လိုအပ်နေဆဲ ဖြစ်ပါတယ်။
လောင်းလုံးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေအပြင် ကဒက်ငယ်ဆိပ်၊ ကဒက်ငယ်ထိန်၊ တောကျဲ၊ကျောက်နီမော် ၊ ကမြောကြီး၊ အင်းဝန်း၊ မင်းရပ်၊ ဝေဒီ၊ သဗျာ၊ ညင်းမော်၊ ကညုံကျွန်း၊ ကထောင်းနီ၊ ဂေါ့အင်း၊ ရေဖြူ၊ ကဒက်ကြီး၊ သပြေရှောင်၊ သကျက်တော၊ ဇလွတ်၊ ညောပြင် ၊ တီဇစ် ၊ သဲပုံ ၊ပဥ္စာသီမော် ၊စစ်ပြဲ ၊ ကျောက်ဝပ်ပြင်စတဲ့ ကျေးရွာတွေမှာ ရေကြီးပြီး မြေပြိုမှု ဖြစ်ပွားနေပါတယ် ။
အလားတူ သရက်ချောင်းမြို့ပေါ်က မြို့မရပ်ကွက်၊ ကျောက်မြောင်းနဲ့ ပန်းတောရပ်ကွက်မှာ ရေကြီးနေတဲ့အပြင် ကင်းရှေ့၊ စော်ဖျား၊ ရှင်မုတ္ထီး၊ ရောင်းမော်၊ ညောင်ဇင်၊ ကြာအင်း၊ မိုးရွှေကုန်း၊ ရန်တောင်၊ သင်းကျွန်း၊ ဥတ္တူ၊ တီတွတ်ပြင် စတဲ့ ကျေးရွာတွေမှာ ရေကြီးနေတာကြောင့် အရေးပေါ် အကူအညီတွေလိုအပ်နေပါတယ်။
” သက်ရက်ချောင်းမှာ ရေကြီးမှု ဆိုးပါတယ်။ ဥတ္တူရွာမှာဆိုရင် ရွာလယ်ပိုင်းမှာ နေလို့မရတဲ့အခြေနေထိဖြစ်နေပါပြီ။တောင်းပိုင်းနဲ့ ရှေ့ပိုင်းတွေမှာ လူတရပ်ကျော်နေပါပြီ။
အကူအညီတွေလည်းလိုအပ်နေပါတယ်။ တချို့အိမ်တွေ ချက်ပြုတ်စားလို့မရတော့သလို ရေတက်လို့ ရွှေ့ပြောင်းဖို့လည်းလိုနေပါတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်မြို့သစ် ၈ လမ်းမှာလည်း ရေကြီးနေပြီး ဆေးရုံလမ်းမှာ ရေကျော်နေတာကြောင့် ကားတွေသွားမရကြောင်း ၊ ရေကြီးမှုကြောင့် ပိတ်မိသူတွေကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
ပလောက်မြို့နယ် အမှတ် ၁ ရပ်ကွက်ရှိ ကမ်းနားလမ်းနေအိမ်တွေမှာလည်း ရေကြီးနေပြီး ရေဘေးသင့်သူတွေ ဘေးလွတ်ရာကို မီးသတ်တပ်ဖွဲ့က ရွှေ့ပြောင်းပေးခဲ့ပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW