ဇီးကုန်း၊ ဇွန် ၁၀ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည် ကားလမ်းပေါ်မှာ ဒီနေ့မနက် ၆ နာရီဝန်းကျင်လောက်က သုံးဘီးနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိလို့ ဆိုင်ကယ်မောင်းနှင်သူ ရဲဒုတပ်ကြပ်တစ်ဦး နေရာမှာတင် သေဆုံးသွားတယ်လို့ ဇီးကုန်းမြို့မ ရဲစခန်းက သိရပါတယ်။
ရန်ကုန်ဘက်ကနေ ပြည်ဘက်ကို မောင်းနှင်လာတဲ့ နက်ပြာရောင်ဆိုင်ကယ်နဲ့ ပြည်ဘက်ကနေ ရန်ကုန်ဘက်မောင်းလာတဲ့ အနီရောင် သုံးဘီးဆိုင်ကယ်တို့ ဇီးကုန်းမြို့နယ် ဝက်စာပိုးကျေးရွာအုပ်စုဘက်မှာ တိုက်မိခဲ့တာပါ။
“ကျနော်တို့ ရောက်သွားတော့ လူတွေတော့ မရှိတော့ဘူး။ အလောင်းလည်း ဆေးရုံသယ်သွားကြပြီ။ ဆိုင်ကယ်ကတော့ ရစရာမရှိအောင် ပျက်စီးသွားတယ်။ သေသွားတဲ့ ရဲဒုတပ်ကြပ်က ကြို့ပင်ကောက်ကနေ ပြည်ကိုသွားတာမှာ သုံးဘီးဆိုင်ကယ်နဲ့ တိုက်မိတာလို့ မျက်မြင်တွေကပြောတယ်။”လို့ ဝက်စာပိုးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးနိုင်က ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ရဲဒုတပ်ကြပ်ဇော်မင်းဦးမှာ ဦးခေါင်းနောက်ဖက် ဖူးရောင်၊ ဘယ်ဘက်မျက်လုံး ချိုင့်ဝင်၊ နှာခေါင်းဘယ်ဘက် ပဲ့ထွက် စတဲ့ဒဏ်ရာတွေနဲ့ နေရာတင် သေဆုံးသွားပြီး သုံးဘီးဆိုင်ကယ်မောင်းတဲ့ အင်းမမြို့ သဲကုန်းမြို့နယ်နေသူ ဦးသန်းတိုးအောင်ကတော့ သာမန်ဒဏ်ရာသာရရှိခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ ရဲဒုတပ်ကြပ် ဇော်မင်းဦး ဟာ ပြည်မြို့ ဝက်ထီးကန် အမှတ်(၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကဖြစ်တယ်လို့ ဇီးကုန်းမြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ် အေးစန္ဒာက ပြောပါတယ်။
ခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်(ပ)၂၅/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်အရေးယူထားပြီး သုံးဘီးဆိုင်ကယ်သမား ဦးသန်းတိုးအောင်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဇီးကုန်းမြို့ မရဲစခန်းက သိရပါတယ်။
#voiceofmyanmar # ရန်ကုန်-ပြည်ကားလမ်းပေါ်မှာသုံးဘီးနဲ့ဆိုင်ကယ်တိုက်မိရာကရဲဒုတပ်ကြပ်သေဆုံး #ပဲခူး# ဇီးကုန်း