ဖျာပုံ၊ ဇွန် – ၁၁- ၂၀၁၉
ကိုအောင် (VOM)
ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ကျိုက်လတ်-ဖျာပုံကားလမ်းက ချောင်းတွင်းတံတားပေါ်မှာ ကွန်ကရစ်တိုင်တွေတင်ပြီး ရပ်ထားတဲ့ ဆယ်ဘီးကားကို အိမ်စီးကားကတစ်စီးက ဝင်တိုက်မိရာမှာ ယာဉ်ပေါ်ပါ ဆရာဝန်သုံးဦး သေဆုံးပြီး ကျန်ဆရာဝန် သုံးဦးကို ဆေးရုံတင်ထားရတယ်လို့ ရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ဖျာပုံမြို့ဘက်ကို ဦးတည်ရပ်ထားတဲ့ NISSAN CONDOR အဖြူ/မီးခိုးရောင် (၁၀) ဘီးယာဉ်ကို ဒေါက်တာဝေယံမျိုးထက် မောင်းနှင်ပြီး ဒေါက်တာအေးမြတ်သူ၊ ဒေါက်တာပန်ဂျာထွယ်၊ ဒေါက်တာနေမျိုးစု၊ ဒေါက်တာလှမျိုးသူ၊ ဒေါက်တာနှင်းအိစိုးတို့ လိုက်ပါလာတဲ့ မီဆူဘီရှီ အဖြူရောင်ကားက နောက်ကနေ ဝင်တိုက်မိရာ ကွန်ကရစ်ဓာတ်မီးတိုင်တွေက ကားနောက်မှန်အထိ ဖောက်ထွက်သွားတဲ့အတွက် ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက်၊ ဒေါက်တာ အေးမြတ်သူ၊ ဒေါက်တာ ပန်ဂျာထွယ်တို့ သေဆုံးခဲ့ပါတယ်။
ကျန်ဆရာဝန်သုံးဦးတို့မှာလည်း ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် အရေးပေါ်ကုသနိုင်ဖို့ ဖျာပုံဆေးရုံကြီးကို ပို့ဆောင်ထားသလို သေဆုံးသူတွေကိုလည်း အဲဒီဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ ဖျာပုံမြို့မရဲစခန်းက တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အဲဒီဆရာဝန်တွေဟာ ဖျာပုံဆေးရုံက လက်ထောက် ဆရာဝန်တွေလို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ညအချိန်ယာဉ်မရပ်ရနေရာမှာ ရောင်ပြန်အချက်ပြမီးတွေ ပြသထားခြင်းမရှိဘဲ ပေါ့ဆစွာ ယာဉ်ရပ်တန့်ထားသူ ဆယ်ဘီးယာဉ်မောင်း ဝဏ္ဏ (ကျန်အချက်အလက်စိစစ်ဆဲ)နဲ့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဒေါက်တာ ဝေယံမျိုးထက်တို့ကို ယာဉ်(ပ) ၃၆/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဖျာပုံမြို့မရဲစခန်းက သိရပါတယ်။
#voiceofmyanmar # ကွန်ကရစ်တိုင်တွေတင်ပြီးရပ်ထားတဲ့ဆယ်ဘီးကားကိုအိမ်စီးကားကဝင်တိုက်မိလို့ ဆရာဝန်သုံးဦးသေ #ဧရာဝတီတိုင်း #ဖျာပုံ