ရန်ကုန်၊ ဇွန် ၁၁ – ၂၀၁၉
သိင်္ဂီ (VOM)
ပညာရေးလောကဟာ အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေမှာ ၉၁ ရာခိုင်နှုန်းရှိနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားတဲ့အပေါ် အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂဖြစ်မြောက်ရေး ဗဟိုအလုပ်အမှုဆောင်ကော်မတီအနေနဲ့ လက်မခံဘူးလို့ ပြောဆိုလိုက်ပါတယ်။
” ဒါကို ကျနော်တို့ လက်မခံပါဘူး။ ကျနော်တို့အပေါ်မှာ အခွန်ပဲ ရှိတော့တယ်။ အဂတိမရှိဘူးလား၊ လာဘ်စားမှုမရှိဘူးလားဆိုတော့ ရှိတယ်။ ဒါကြောင့် ဒီလို အကျင့်ပျက်ခြစားတာတွေကို တိုက်ဖျက်ဖို့၊ ရှင်းထုတ်ဖို့ အဂတိတွေဟာ စနစ်ကြောင့်လား၊ မတော်လောဘကြောင့်လားဆိုတာပေါ့။ အမြစ်တွယ်ပြီး ထုထည်ကြီးမားနေတော့ ဖြေးဖြေးချင်း ဆောင်ရွက်ရမယ်။”လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂဖြစ်မြောက်ရေး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမင်းမင်းထွဋ်က ပြောပါတယ်။
လက်ရှိမှာ လာဘ်ပေးလာဘ်ယူအများဆုံးနဲ့ အဂတိလိုက်စားမှုအများဆုံးက ရာထူးတိုးကိစ္စတွေ၊ နေရာအပြောင်းအရွှေ့ကိစ္စတွေမှာ ဖြစ်ပွားနေတာဖြစ်ပြီး မြို့ကြီးတွေထက် နယ်ဘက်တွေမှာ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြေခံပညာကဏ္ဍမှာရှိတဲ့ အဂတိလိုက်စားမှုတွေဟာ ဂုဏ်သိက္ခာပိုင်းနဲ့ဆိုင်တာကြောင့် တိုက်ဖျက်သွားမယ်လို့လည်း ဆိုပါတယ်။
အခြေခံပညာ အထက်တန်းကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမကြီးတစ်ဦးကလည်း ” တချို့ကျတော့လည်း ရာထူးတိုးချင်တယ်၊ ဝေးတဲ့နေရာတွေကျ မပြောင်းချင်ဘူး။ တချို့ကျလည်း ကိုယ့်မွေးရပ်မြေဇာတိက ကျောင်းမှာပြန်ပြီး လုပ်ချင်ကြတယ်၊ ဟိုးတောင်ပေါ် ဝေးလံတဲ့နေရာရောက်တဲ့ဆရာ ဆရာမတွေကျတော့လည်း အချိန်ကြာတော့ ပြန်ပြောင်းချင်ကြတယ်။ အဲ့ဒီမှာ လာဘ်ထိုးမှန်းမသိ ထိုးသလိုဖြစ်ကုန်တယ်။ တချို့ကတော့ ပိုက်ဆံရှိလို့ ပေးလိုက်ရလည်း ဘာမှမဖြစ်ပေမယ့် တကယ်ဝါသနာပါလို့ လုပ်တဲ့ဆရာ၊ ဆရာမတွေအတွက်က နစ်နာတယ်။ ဒါကြောင့် ပညာရေးလောကပျက်စီးရင် ကျမတို့ဆရာ၊ ဆရာမတွေ ဂုဏ်သိက္ခာလည်း ပျက်တာနဲ့အတူတူပါပဲ။ အားလုံးထိန်းသိမ်းပေးဖို့ လိုနေပါပြီ။” လို့ ထောက်ပြ ပြောဆိုပါတယ်။
ဒီလို အဂတိလိုက်စားမှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေဟာ တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်ပြီး ဖြစ်လာတာမဟုတ်ဘဲ အပြန်အလှန် ပေးသူနဲ့ ယူသူရှိလို့သာ ဖြစ်တတ်တာကြောင့် အောက်ခြေဝန်ထမ်းဘက်က လာဘ်ပေးတာ၊ အကြီးအကဲဘက်ကနေ လာဘ်ယူဖို့တောင်းဆိုတာ အဲဒီလို ကိစ္စရပ်တွေကို ဥပဒေအရ ထိထိရောက်ရောက် ထိန်းချုပ်အရေးယူဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
ဒါတွေဟာ ရာထူးတိုးမူဝါဒကို ခိုင်ခိုင်မာမာ တိတိကျကျဖြစ်အောင် မလုပ်ဆောင်တာကြောင့်ဖြစ်ပြီး လက်ရှိမှာကို တိုင်းနဲ့ပြည်နယ် အသီးသီးမှာ မူဝါဒ တနေရာတစ်မျိုး ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအခြေအနေကို ထိန်းချုပ်ရမှာက ပညာရေးဝန်ကြီးဌာနမှာသာ အဓိကတာဝန်ရှိတာကြောင့် ရာထူးတိုး မူဝါဒကို တစ်နိုင်ငံလုံးမှာ မူဝါဒ တစ်ခုတည်းသွားဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။
ဆရာ၊ ဆရာမတွေ အနေနဲ့လည်း ရာထူးတိုး မူဝါဒအတိုင်း ရာထူးတိုးလျှောက်လို့ရတဲ့ သက်တမ်းနှစ်ပြည့်မှသာ လျှောက်သင့်သလို ဒီလိုလျှောက်တဲ့အခါမှာလည်း မြန်မာနိုင်ငံရဲ့ ဘယ်နေရာမဆို တာဝန်ထမ်းဆောင်နိုင်တယ်လို့ ထည့်သွင်းရေးသားလျှောက်ထားခဲ့ပါက ကျရာနေရာမှာ တာဝန်ထမ်းဆောင်ဖို့ လိုအပ်ပြီး လာဘ်ပေးလာဘ်ယူလုပ်တဲ့နည်းနဲ့ ပြောင်းရွှေဖို့ မလုပ်ကြဖို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။
#voiceofmyanmar # ပညာရေးမှာအဂတိလိုက်စားမှုရာနှုန်းကိုးဆယ်ကျော်ရှိတယ်ဆိုတဲ့အပေါ် တုံ့ပြန်ပြောဆို # အခြေခံပညာပညာရေးလုပ်သားသမဂ္ဂဖြစ်မြောက်ရေးဗဟိုအလုပ်အမှုဆောင်ကော်မတီ #ရန်ကုန်