ရန်ကုန်၊ ဇွန် ၁၄-၂၀၁၉
သူရိန် (VOM)
ဘုရင့်နောင်ကုန်စည်ဝန်းအတွင်း တစ်ရက် ကုန်ကားအစီးရေ ၁၅၀၀ ၀န်းကျင်ခန့် ၀င်ရောက်နေတာကြောင့် အလွန်အမင်းကားကြပ်တည်းမှု ကြုံတွေ့နေရလို့ ၆ ဧက အကျယ်ရှိတဲ့ ပုဂ္ဂလိကပိုင်မြေနေရာပေါ်မှာ ယာယီကားရပ်နားကွင်းဖော်ဆောင်ပြီးဖြေရှင်းဆောင်ရွက်နေရပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က
“ကုန်ကားအ၀င်အရမ်းများတယ်။ တစ်ရက်ကို ၁၅၀၀ လောက်ဖြစ်နေတော့ ၄ ရက်ဆက်တိုက်ကြပ်သွားတယ်။ ဒါနဲ့ပတ်သက်ပြီးကားကွင်းစီစဉ်ပေးဖို့ တောင်းထားတယ်။ တောင်းထားတဲ့အပေါ်မှာ ၀န်ကြီးချုပ်အနေနဲ့ ကားကွင်းကြည့်နေတယ်။ ကျွန်တော်တို့ကလည်း နေရာရှာပြီးတော့ ဘယ်လိုကားရပ်ရမလဲဆိုတာဝိုင်းပြီးတော့ လုပ်နေတယ်။ အခုလက်ရှိတော့ ရွှေသံလွင်ဝန်းအနောက်ထဲမှာ ၆ ဧကလောက် ရှိတယ်။ သူတို့ပိုင်တာ၊ အဲ့ဒီ့မှာယာယီရပ်ဖို့ တောင်းတော့ခွင့်ပြုတယ်လို့ “ ပြောပါတယ်။
ဒီရွှေသံလွင်ကားရပ်နားကွင်းမှာကုန်တင်ကားအစီးရေ ၁၅၀ ကနေ၂၀၀ ကြားရပ်နားနိုင်မှာဖြစ်ပေမယ့်ရေရှည် မှာကားကွင်းမရှိရင် ကုန်သည်စီးဆင်းမှုနှောင့်နှေးနိုင်တာကြောင့် အစိုးရကိုတင်ပြထားခဲ့တာ အစိုးရ နှစ်ဆက်တိုင်ကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။
လက်ရှိဖော်ဆောင်ပြီးစီးထားတဲ့ ယာယီကားရပ်နားကွင်းမှာ အစီးရေ ၅၀၀ ခန့်ရပ်နားနိုင်ပြီး ကျန်ကားတွေက ပွဲရုံဝန်းအတွင်းကလမ်းမတွေပေါ်မှာအဆင်ပြေသလို ရပ်နားနေရပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဝန်းအတွင်း ကုန်ခြောက်ပွဲရုံပေါင်း ၅၀၀ ၀န်းကျင်၊ ဆန်ပွဲရုံ ၂၀၀၊ ရေထွက်ပစ္စည်းပွဲရုံ ၁၅၀ ၀န်းကျင်၊ ကားဂိတ်ပေါင်း ၄၀၀ ၀န်းကျင်၊ ဘဏ်ပေါင်း ၂၄ ဘဏ် ရှိပြီး ပဲအမျိုးမျိုးနဲ့ဆန်ပြည်ပတင်ပို့မှုသုံးပုံနှစ်ပုံက ဒီကုန်စည်ဒိုင်ဝန်းအတွင်းကနေ သွားရောက်နေတာကြောင့် အရောင်းအ၀ယ် ကြီးမားတဲ့ ဈေးကွက်တခုဖြစ်ပါတယ်။
ဒါကလည်း ရေတိုပါ။ရေရှည်အနေနဲ့တော့ကားကွင်းမရလို့ကို အဆင်မပြေဘူး။ အစီး ၈၀၀ လောက်က လမ်းတွေပေါ်မှာ ဖြစ်နေဦးမှာ။ ကျန်တဲ့မြို့အသေးလေးတွေတောင် ကားကွင်းကို အပြင်ဘက် ထုတ်လိုက်ပြီ။ ဥပမာ ပြည်၊ မုံရွာ၊ မော်လမြိုင်၊ ဟင်္သာတ အစုံပဲ။ ကျွန်တော်တို့ ရန်ကုန်ပဲ ကျန်တော့တယ်။ အစိုးရကို ကားကွင်းနေရာ တောင်းထားတာ ၆ နှစ်၊ ၇ နှစ်လောက်ရှိပြီ။ ဒါပေမယ့် မြေနေရာ အဆင်မပြေသေးဘူးလို့ ပြောတယ်လို့ ဦးခင်ဟန်ကဆက် ပြောပါတယ်။
လက်ရှိမှာရန်ကုန်ဘုရင့်နောင်ကုန်စည်ဝန်းကို အဆင့်မြှင့်တင်မှုတွေလုပ်ဆောင်နေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်မှာရရှိခဲ့တဲ့ဘတ်ဂျတ်ငွေ ကျပ်သိန်းပေါင်းတစ်သောင်းခြောက်ထောင်ကျော်နဲ့ အဓိကလမ်းမကြီး ၃ လမ်းကို ပြင်ဆင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာလည်း ကြားလမ်းတွေကို ဆက်လက်အဆင့်မြှင့်တင်နိုင်ရေး ထပ်မံတင်ပြသွားမယ်လို့သိရပါတယ်။
#voiceofmyanmar #ရန်ကုန် #ဘုရင့်နောင်ကုန်စည်ဒိုင် #ကားကြပ်