မန္တလေး၊ စက်တင်ဘာ ၄- ၂၀၁၉
ဖြူဖြူ (VOM)
မန္တလေးမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားနဲ့ စန္ဒာမုနိဘုရားမှာ ၀င်ကြေးအဖြစ် နိုင်ငံခြားသားခရီးသွားဧည့်သည်တွေဆီကနေ ကောက်ခံဖို့ တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ ဘုရားဂေါပကအဖွဲ့က သိရပါတယ်။
“ဒီဘုရားနှစ်ခုပေါင်းဝင်ကြေးပေါ့။ နိုင်ငံခြားသား ဧည့်သည်တွေဆီက တစ်ယောက်သုံးထောင်နှုန်းကောက်ဖို့ တိုင်းအစိုးရကို တင်ထားတယ်။ ဒီလထဲမှာ တင်ထားတာပါ။ ကျလာပြီဆိုတာနဲ့ ကောက်သွားမှာပါ။ ” လို့ ဘုရားဂေါပက ဥက္ကဌ ဦးကျော်ဝင်းက ပြောပါတယ်။
ကုသိုလ်တော်ဘုရားဟာ ၂၀၁၃ ခုနှစ်ကစပြီး ကမ္ဘာ့အသိအမှတ်ပြု UNESCO စာရင်းဝင်ခဲ့ပေမယ့် ထောက်ပံ့ငွေတစ်စုံတစ်ရာ မရရှိဘဲ ဈေးဆိုင်ခန်းငှါးရမ်းခ၊ ဆိုင်ကယ်အပ်နှံခ၊ ဘုရားအလှူငွေနဲ့သာ လက်ရှိမှာရပ်တည်နေရတယ်လို့ သိရပါတယ်။
ဒါကြောင့် ဘုရားပရ၀ုဏ် လုံခြုံရေး၊ သန့်ရှင်းသာယာရေး၊ ပြုပြင်ထိန်းသိမ်းဖို့တွေအတွက် ၀န်ထမ်းငှါးရမ်းခတွေနဲ့ ၊ နိုင်ငံခြားသားဧည့်သည်လုံခြုံရေး ထပ်မံခန့်အပ်မယ့်ဝန်ထမ်းတွေအတွက် ကောက်ခံမှာလို့ သိရပါတယ်။
ဝင်ကြေးကောက်ခံမှုအတွက် စနိုးတာဝါပေးတာ၊ သန့်စင်ခန်းအခမဲ့ သုံးခွင့်ပြုတာ၊ လုံခြုံရေးစနစ်တကျစီစဉ်ပေးတာ၊ ကျန်းမာရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးတာတွေ ၀န်ဆောင်မှုပြုသွားမယ်လို့သိရပါတယ်။
ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ ဥရောပ ခရီးသွားဧည့်သည် ၀င်ရောက်မှု မရှိသလောက်နည်းပါးသလို zero budget tours လို့ခေါ်တဲ့ မြန်မာနိုင်ငံအတွက် ၀င်ငွေမရနိုင်တဲ့ တရုတ်ခရီးသွားတွေ များလာတဲ့အချိန်မှာ အခုလိုဝင်ကြေးတွေ မကောက်သင့်သေးဘူးလို့ ဧည့်လမ်းညွှန် တချို့က ထောက်ပြပါတယ်။
“နံပါတ်တစ်က ခရီးသွားများများမလာဘူး။ နံပါတ်နှစ်က ဘုရားကလည်းအဲ့လောက် ပိုက်ဆံ လိုနေတာမဟုတ်ဘူး။ ဒါကြောင့် မကောက်သင့်သေးဘူး။ ခုချိန်မှာက customers များများ လာအောင်ဆွဲဆောင်ဖို့ပဲ လိုသေးတယ်။ အများကြီးလာပြီဆိုရင်တော့ ဘယ်လိုကောက်ကောက် တင့်တယ်တယ်လေ။ ” လို့ မန္တလေး ဧည့်လမ်းညွှန်အသင်း ဥက္ကဌ ဦးဝင်းဇော်ဦးက ပြောပါတယ်။
အခုနှစ်ထဲမှာပဲ မန္တလေးမြို့ရဲ့အထင်ကရတစ်ခုဖြစ်တဲ့ မဟာမုနိ ဘုရားကြီးမှာလည်း နိုင်ငံခြားသားဧည့်သည်ဝင်ကြေး တစ်ယောက်ငါးထောင်နှုန်း ကောက်ခံမှုကြောင့် ခရီးသွားဧည့်သည်အချို့က ဝေဖန်ခဲ့ကြပါသေးတယ်။
#voiceofmyanmar #ကုသိုလ်တော် #စန္ဒာမုနိ #မန္တလေး