မြစ်ကြီးနား-စက်တင်ဘာ ၅-၂၀၁၉
ရန်အောင်ထွန်း (VOM)
စစ်ရှောင်ဒုက္ခသည်တွေရဲ့ခံစားချက်တွေကို သရုပ်ဖော် တင်ဆက်ခဲ့တဲ့ ကချင်လူငယ် နှစ်ဦးကို ထောင် ၁၅ ရက်ချမှတ်လိုက်မှု ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ စက်တင်ဘာ ၅ ရက် ဒီနေ့ပြုလုပ်တာမှာ ခွင့်ပြုချက်မှာ မပါဝင်တဲ့ ဆိုင်းဘုတ် ၇ မျိုးလောက်ပါနေတယ်လို့ မြစ်ကြီးနား မြို့နယ်ရဲမှူးက ပြောပါတယ်။
ဆန္ဒထုတ်ဖော်မှုခွင့်ပြုရာမှာ လွတ်လပ်သောတရားစီရင်မှုရရှိရေး ၊ စစ်ရှောင်ပြည်သူများ၏ ဘဝမှန် ခံစားချက်ကို အလေးထားပေးရေး ၊ IDP များ၏ဘဝမှန် တေးသရုပ်ဖော်တင်ဆက်ခြင်းအား အပြစ်ဒဏ်ပေးခြင်း အလိုမရှိ နှင့် မတရားသဖြင့် တရားစီရင်သော တရားသူကြီး အလိုမရှိဆိုတဲ့ ဗီနိုင်းစာသားနှင့် ကြွေးကြော်သံတွေကို ခွင့်ပြုခဲ့သည်ဟု သိရသည်။ ဆန္ဒပြသူတွေ ကိုင်ဆောင်ထားတဲ့ စားသားတွေထဲက I Hate War , War is not answer , No Paece in Myanmar Justic Fail Law စတဲ့ စာသားတွေ ကိုင်ဆောင်မှုကို ခွင့်ပြုမထားကြောင်း သိရသည်။
” အခုတော့ အထက်ကို တင်ပြရအုန်းမှာပေါ့ ဘာပြဿနာမှ မရှိဘူးဆိုပေမယ့် လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ရမှာပါ. သူတို့ ဗီနိုင်းအကြီးကြီးတွေနဲ့က ခွင့်ပြုချက်မှာ အကုန်ပါတယ် ၊ သုံးဘီးနဲ့ထပ်သယ်လာတဲ့ ဆော့ပင်နဲ့ရေးထားတဲ့ ဆိုင်းဘုတ်လေးတွေကျမပါဘူး အရေးယူမလားဆိုတာတော့ အတိအကျမသိသေးပါဘူး ပြည်နယ်ရဲတပ်ဖွဲ့ သတင်းပြန်ကြားရေးကော်မတီရှိတယ် အဲ့ဒီကိုမေးနိုင်ပါတယ် ” ဟု မြစ်ကြီးနား မြို့နယ်ရဲမှူးမြင့်မိုးကပြောသည်။
အရေးယူမယူ တိတိကျကျဖြေကြားခွင့်ကို ပြည်နယ်ရဲတပ်ဖွဲ့သတင်းပြန်ကြားရေး ကော်မတီဖွဲ့စည်းထားတာဖြစ်လို့ ရဲမှူးကြီးလွင်မောင်သိန်းထံ မေးရမည်ဟု သိရှိရတာကြောင့် ဆက်သွယ်ရာမှာ ဆက်သွယ်၍ မရရှိခဲ့ပါ။
ဆန္ဒထုတ်ဖော်ပွဲကိုမြစ်ကြီးနားမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့မြစ်ကြီးနားမြို့မဈေး(၁)နဲ့ ဈေး(၂) မင်းရပ် ပြည်သူ့ အားကစားကွင်း မနောကွင်းရှေ့မြို့မရဲစခန်းရှေ့ စတဲ့ နေရာတွေမှာ ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ လူဦးရေ ရာနှင့်ချီပါဝင်ခဲ့ပြီး စက်တင်ဘာ ၆ ရက်နှင့် ၉ ရက်နေ့တို့တွင် ထပ်မံ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဇွန်လ (၉)ရက်နေ့က မြစ်ကြီးနားမြို့ပေါ်မှာ ကချင်ဒေသစစ်ပွဲ ရှစ်နှစ်ပြည့် အထိမ်းအမှတ် လမ်းဘေးသရုပ်ပြတင်ဆက်ကပြမှုကို ဦးဆောင်ပါဝင်ခဲ့လို့ ကချင်လူငယ် ကိုပေါလုနှင့် မဆိုင်းနုပန်တို့ကို ငြိမ်းစုစီပုဒ်(၁၉)နဲ့ တရားစွဲဆိုခံခဲ့ရပြီး မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စက်တင်ဘာ ၂ ရက်နေ့က ငွေဒဏ်သုံးသောင်းစီဆောင်ရန်နှင့် ငွေဒဏ် မဆောင်ပါက ထောင်(၁၅)ရက်စီ ကျခံရန် မြို့နယ်တရားသူကြီး ဦးသန်းထွန်းက အမိန့်ချမှတ်ခဲ့ရာ ငွေဒဏ်ပေးဆောင်မှုကို ငြင်းပယ်ခဲ့လို့ လက်ရှိမှာ ထောင်ဒဏ် ၁၅ ရက် ကျခံနေရပါတယ်။
#voiceofmyanmar #မြစ်ကြီးနား