ဖားကန့်မှာ အမျိုးသမီးငယ်နှစ်ဦး မြေစာပိ သေဆုံးပြန်

ဖားကန့် အောက်တိုဘာ ၃၁ ၊ ၂၀၁၈

ဇော်မိုးထက် ( ဖားကန့် )

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကထန်ကျေးရွာအနီးမှာ ၃၀.၁၀.၂၀၁၈ နေ့မနက် ငါးနာရီခန့်က စွန့်ပစ်မြေစာပုံပြိုမှုကျတခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ မြေစာပုံပြိုကျမှုကြောင့် ဈေးရောင်းနေတဲ့ အမျိုးသမီးငယ် ၂ ဦး  သေဆုံးသွားခဲ့တယ်လို့ လုံးခင်နယ်မြေရဲစခန်းက အတည်ပြုပြောဆိုခဲ့ပါတယ် ။ ပြိုကျတဲ့ မြေစာပုံဟာ တစ်သုံးလုံး ကုမ္မဏီက စွန့်ပစ်တဲ့ မြေစာပုံဖြစ်တယ်လို့လဲ  လုံးခင်းရဲစခန်းက အတည်ပြုပြောဆိုခဲ့ပါတယ် ။

သေဆုံးသူတွေဟာ မြေစာပုံအနီးမှာ အချိုရည်ဘူးမျိုးစုံရောင်းချတဲ့ မရီရီဝင်း (၃၂)နှစ် (ဘ) ဦးမြင့်ဆွေ (မိ) ဒေါ်မြဝင်း မှော်စီစာကျေးရွာ၊  အောက်ပိုင်ဇာတိ ပင်းဘော ၊ ရွှေညောင်ပင်ရပ်ကွက် ၊ ပခိုးစု နှင့် မရွှေဝါ (၃၃) နှစ် ၊ (ဘ) ဦးမြင့်ဆွေ (မိ) ဒေါ်အုံးစိန် ကုဋ္ဋေကျေးရွာနေသူတို့ ဖြစ်တယ်လို့  ရဲမှတ်တမ်းများအရ သိရပါတယ် ။ ၁၅.၁၀.၂၀၁၈ နေ့ ညနေ ငါးနာရီ ချိန်ကလည်း အဆိုပါ တစ်သုံးလုံး ကုမ္မဏီ စွန့်ပစ်မြေစာပုံမှာ  ရေမဆေးသမားတဦး မြေစာပိသေဆုံးခဲ့မှု ဖြစ်ခဲ့ပါတယ် ။

ဖားကန့်ကျောက်စိမ်းတွင်းဒေသဟာ လုပ်ငန်းများစတင်မည့်ယခုလို အချိန်မျိုးတွင် စွန့်ပစ်မြေစာပုံများပြိုကျမှုကြောင့် လူများစွာ သေဆုံးတတ်ပြီး ၊ လုပ်ငန်းများသိမ်းဆီးသည့် မိုးတွင်းကာလတွင် ချောက်ကမ်းပါးနံရံများပြိုကျမှု၊ ကျောက်စိမ်းလုပ်ကွက်များပြိုကျမှုကြောင့် လူပေါင်းများစွာ သေဆုံးနေခဲ့ပါတယ်။ အဲဒီလို ဖြစ်စဉ်မျိုးတွေ   နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်နေခဲ့တာ ရှစ်နှစ်နီးပါး ရှိခဲ့ပြီးလည်း ဖြစ်ပါတယ် ။ သတင်းမှတ်တမ်းများအရ ၂၀၁၈ ခုနှစ်အတွင်း ဖော်ပြပါ ဖြစ်စဉ်များအတွင်း ဖြစ်စဉ်ပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့သူပေါင်း ၁၅၀ နီးပါး ရှိခဲ့ပြီလည်း ဖြစ်ပါတယ် ။ သက်ဆိုင်ရာ သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် ယနေ့အချိန်ထိ ကြပ်မတ်ကိုင်တွယ်နိုင်ခြင်း မရှိသေးတာကိုလည်း တွေ့ရပါတယ် ။

သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု နဲ့ အဆိုပါ ဖြစ်စဉ်တွေကို ဖြေရှင်းဘို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်၊ ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင် နဲ့ ပြည်နယ် ဘဏ္ဍာအခွန် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း တို့ဟာ  အောက်တိုဘာလ ၃၀ ရက်နေ့  နေပြည်တော်မှာ ပြည်ထောင်စုအဆင့် တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးဘို့ ရောက်ရှိနေတဲ့အချိန်လည်း ဖြစ်ပါတယ် ။

ဓါတ်ပုံ -လုံးခင်း နယ်မြေရဲစခန်း

Related posts

Leave a Comment

VOM News

FREE
VIEW