အင်းတော်တွင် ကျောက်စိမ်းအရိုင်းတုံးများ နှင့် ကျောက်စိမ်း လက်ကောက်ကွင်းများ ဖမ်းမိ

ကသာ၊ နိုဝင်ဘာ ၃၀၊ ၂၀၁၈

နိုင်ကြီး (ကသာ)

 

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နန့်မကျိုင်းကျေးရွာ လမ်းဆုံအနီး ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းမပေါ်မှာ ကချင်ပြည်နယ်ဘက်ကနေ လာတဲ့ (၆)ဘီးကားတစီးပေါ်က ကျောက်စိမ်းအရိုင်းတုံးတွေနဲ့ ကျောက်စိမ်း လက်ကောက်တွေကို နိုဝင်ဘာ (၂၉)ရက်နေ့ ည (၇း၀၀)အချိန်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။

 

အင်းတော်မြို့နယ် နဘားကျေးရွာ ရဲကင်းစခန်းမှူး ဒုရဲအုပ် မျိုးသက်နိုင်နဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ နန့်မကျိုင်းကျေးရွာ လမ်းဆုံအနီး ရွှေဘို – မြစ်ကြီးနား ကားလမ်းမပေါ်မှာ ပိတ်ဆို့စစ်ဆေးရေး ဆောင်ရွက်နေတုန်း ကချင်ပြည်နယ်ဘက်မှ ရွှေဘိုမြို့ဘက်သို့ ရီဝေထွန်း (ခ) ရီဝေအောင် မောင်းနင်လာတဲ့ 7L – 3026 SKART DONG FENG အဖြူရောင် (၆)ဘီးယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာမှာ ယာဉ်ခေါင်းခန်းနှင့် ယာဉ်နောက်ကြမ်းခင်းအောက် တို့မှာဖွက်သယ်လာတဲ့ ကျောက်စိမ်းအရိုင်းတုံးတွေနဲ့ ကျောက်စိမ်းလက်ကောက် စုစုပေါင်း အလေးချိန် (၁၁၃၃)ပိသာ (၄၈)ကျပ်သား (ကာလတန်ဘိုး မခန့်မှန်းနိုင်သေး) တို့ကို တွေ့ရှိသိမ်းဆည်း ခဲ့ပါတယ်။

 

ယာဉ်မောင်း ရီဝေထွန်း ရဲ့ ထွက်ဆိုချက်အရ အဲဒီကျောက်စိမ်းတွေကို ကချင်ပြည်နယ် ဖားကန့် ဝှေခါကျေးရွာဘက်က တင်ဆောင်လာပြီး မန္တလေးကို ပို့ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်း ရီဝေထွန်း (ခ) ရီဝေအောင် (၂၀)နှစ် ညောင်ကုန်းကျေးရွာ မိုးညှင်းမြို့နယ် နေထိုင်သူကို အင်းတော်မြို့မရဲစခန်း က မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ – ၄၂(က) အရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိတယ် လို့ သိရပါတယ် ။

Related posts

Leave a Comment

VOM News

FREE
VIEW