ရမည်းသင်း၊ဒီဇင်ဘာ ၁၄-၂၀၁၈
ဒီပ(နေပြည်တော်) (VOM)
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ ရွှေမိုင်းလုပ်ကွက်များ ပိတ်ပင်ထားမှုကြောင့် ဒေသတွင်းမှာ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ လူမှုရေး၊စီးပွားရေး ပြဿနာများအပြင် အလုပ်အကိုင် အခွင့်အလမ်းများ အနှုတ်လက္ခဏာပြနေတဲ့အတွက် ဒေသခံကျေးရွာများမှ လူဦးရေ(၂၀၀)ခန့် ရမည်းသင်းမြို့မှာရှိတဲ့ ကြေးနီကန်(ကန်သစ်)မှာ ဒီဇင်ဘာလ(၁၄)ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“ အခုဖြစ်နေတာက ကုမ္ပဏီကြီးနဲ့အစိုးရကြား ဘယ်သူမှားလို့ ဘယ်သူမှန်မှန် ကျွန်တော်တို့မသိဘူး အခုအခြေအနေက ကျွန်တော်တို့ဒေသမှာ အနှုတ်လက္ခဏာပြနေပြီ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပညာရေး၊စားဝတ်နေရေး ကျန်းမာရေးကအစ တစ်လပြီးတစ်လ အနှုတ်လက္ခဏာပြနေတယ် လုယက်မှုတွေ ခိုးမှုတွေကများလာတယ် အဓိကကတော့ ဒီမိုင်းတွင်းကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့အတွက် ဒေသခံတွေနဲ့ အခုလို ဆန္ဒပြရခြင်းဖြစ်ပါတယ ” ရမည်းသင်းမြို့ ၀ါးတိုးရပ်ကွက်နေသူ ဦးစိုးလှိုင်ထွန်းက ပြောပါတယ်။
ယင်းသို့ ဆန္ဒထုတ်ဖော်ရာမှာတော့ ကြွေးကြော်သံများအဖြစ် ရပ်နားထားတဲ့ မိုးထိမိုးမိရွှေမိုင်း ဖွင့်ပေးရေး ဒို့အရေး၊ ဒေသဖွံ့ဖြိုးရေး ဖျက်ဆီးသူများ အလိုမရှိနဲ့ ဒေသခံများ အလုပ်အကိုင် ပြန်လည်ရရှိရေး၊ ကုန်စည်စီးဆင်းမှုဖြင့် စီးပွားကောင်းမွန်စေရေးအပါအ၀င် ရမည်းသင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး မိုးထိမိုးမိရွှေမိုင်း ပိတ်ပင်သူအလိုမရှိဟု ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသိရပါတယ်။
“ လက်ရှိတော့ သတ္တုတွင်းဥပဒေ ပုဒ်မ၃၀(က)နဲ့ တရားစွဲထားတာကတော့ ဦးစိုးထွန်းရှိန်ပါပဲ၊ သူကဥက္ကဌဖြစ်တော့ တာဝန်အရှိဆုံးမို့ပါ၊ နိုင်ငံတော်က စာချုပ်အရ ထုတ်လုပ်မှုရှိတယ် ပေးသွင်းရမယ့်ဟာတွေရှိတယ်၊ ကြွေးကျန်တွေ မပေးသွင်းတဲ့အတွက်ကြောင့် တရားစွဲထားတယ် ဖမ်းဝရမ်းထုတ်ထားတယ်၊ အခုချိန်ထိတော့ ဖမ်းမမိသေးဘူးလို့ကြားတယ်ဟု အမှတ်(၂) သတ္ထုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်ဖြစ်သူ ဦးသံဒိုင်က အောက်တိုဘာ(၅)ရက်တွင် သတင်းထောက်များကို ပြောကြားထားပါတယ်။
လက်ရှိရပ်နားထားတဲ့ ရွှေမိုင်းလုပ်ကွက်နေရာကိုတော့ လုပ်ခွင့်ပြုမထားကြောင်း အခုလုပ်ကွက်ရဲ့အထက်မှာ ကုမ္ပဏီကြီးရှိသလို မိတ်ဖက်ကုမ္ပဏီများ အားလုံသည်လည်းရပ်နားထားကြောင်း မိမိတို့ဌာနမှဝန်ထမ်း(၂၀)ကျော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်အား(၆၀)လောက်က ခိုးတူးမှုများမရှိအောင် ထိန်းထားနေရကြောင်း ဦးသံဒိုင်က ပြောပါတယ်။
#voiceofmyanmar#ရမည်းသင်း#ဆန္ဒပြမှု#