အလှူငွေရရှိမှုအပေါ်မူတည်ပြီး လာရောက်အခြေချသူတွေကို မောင်တောတောင်ပိုင်းမှာ နေရာချထားမှုတွေ ပြုလုပ်ပေးသွားမယ်

မောင်တော၊ဒီဇင်ဘာ ၁၇-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းဒေသမှာ လာရောက်အေခြချမယ့်သူတွေကို အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်ထူထောင်ရေးကော်မတီ CRR က နေအိမ်တွေဆောက်လုပ်ပြီး ကျေးရွာသစ်တွေ တည်ဆောက် ပေးနေတာဖြစ်ပါတယ်။

လက်ရှိမှာ CRR အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ကျေးရွာသစ်နှစ်ရွာကို တည်ဆောက်ပေးခဲ့ပြီးဖြစ်ကာ အလှူငွေရရှိမှုအပေါ်မူတည်ပြီးတော့ အခုနှစ်ပွင့်လင်းရာသီမှာ လာရောက်အခြေချဖို့ စာရင်းပေးသွင်းထားတဲ့ အိမ်ထောင်စုတွေကို နေရာချထားပေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစပြီးတော့ မောင်တောမြို့နယ် တောင်ပိုင်းမှာ လာရောက်အခြေချသူတွေကို နေအိမ်တွေဆောက် လုပ်ပေးထားပါတယ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်အနားမှာ ရွားသစ်တစ်ရွာနဲ့ မောင်တောမြို့နယ် အင်းဒင် နားမှာတစ်ရွာ နေအိမ်တွေဆောက်လုပ်ပေးထားပါတယ်၊ ကျွန်တော်တို့က အလှူရှင်တွေရဲ့ လှူဒါန်းတဲ့ငွေတွေနဲ့ ရပ်တည် နေတာဆိုတော့ အလှူငွေရရှိမှုနည်းပါးသွားတဲ့အခါမှာတော့ အခက်အခဲရှိတာပေါ့၊ ဒါပေမယ့် အဆင်ပြေမယ်ဆိုရင်တော့ အခုပွင့်လင်းရာသီမှာ စာရင်းပေးထားသူတွေကို နေအိမ်တွေဆောက်လုပ်ပေးသွားမှာဖြစ်ပါတယ်” လို့ CRR အတွင်းရေး မှူး ဦးသန်းထွန်းက ပြောပါတယ်။

အဲဒီကျေးရွာသစ်တွေကို ဒေသခံရခိုင်တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့မြေနေရာတွေမှာ မြေပိုင်ရှင်တွေရဲ့ခွင့်ပြုချက်နဲ့ ဆောက်လုပ်ပေးနေတာဖြစ်ပါတယ်။

အရင်နှစ်က တည်ဆောက်ပေးခဲ့ပြီးဖြစ်တဲ့ ကျေးရွာနှစ်ရွာမှာ ရခိုင်ပြည်နယ်ဒေသအသီးသီးက ရခိုင်တိုင်းရင်းသားတွေ လာရောက်အခြေချနေထိုင်ကြတာဖြစ်ကြပြီး အိမ်ထောင်စု ၁၃၀ ကျော်အတွင်း မိသားစုပေါင်း ၆၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။

“လောလောဆယ်မှာတော့ အဲဒီလာရောက်အခြေချသူတွေကို ကျွန်တော်တို့အနေနဲ့ ယာယီနေအိမ်လေးတွေပဲ ဆောက်လုပ်ပေးထားတာပါ၊ တကယ်လို့ အဲဒီလူတွေ အခြေတကျနေထိုင်နိုင်ပြီလို့ဆိုရင်တော့ အဲဒီရွာတွေကို ပြည်ထဲရေးဌာနရဲ့ အသိအမှတ်ပြုကျေးရွာတွေအဖြစ် ဆောင်ရွက်ပေးဖို့ အစိုးရကိုမေတ္တာရပ်ခံ တောင်းဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်”လို့ ဦးသန်းထွန်းက ပြောပါတယ်။

ဒါ့အပြင် အဲဒီကျေးရွာတွေမှာနေထိုင်ကြတဲ့ ကျေးရွာသားတွေရဲ့ အလုပ်အကိုင်ရရှိရေးအတွက် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း သုံး ငါးဖမ်းလှေတွေ၊ စက်တွေနဲ့ ပိုက်တွေကို CRR က ထုတ်ပေးထားပြီး အခုနှစ်မှာတော့ စိုက်ပျိုးရေးလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ကျေးရွာပိုင်စီးပွားဖြစ်စို မြေပဲစိုက်ခင်းတွေနဲ့ ရာသီပေါ်သီးနှံစိုက်ခင်းတွေကို ပြုလုပ်ပေးနေ တာဖြစ်ပါတယ်။

#voiceofmyanmar#ရခိုင်ပြည်နယ်#မောင်တောတောင်ပိုင်းမှာနေရာချထားမှုတွေပြုလုပ်ပေးသွားမယ်#

Related posts

Leave a Comment

VOM News

FREE
VIEW