ပုဒ်မ ၁၅(စ) ကို ကန့်ကွက်ကြောင်း ဒုတိယအကြိမ် စတစ်ကာကန်ပိန်း ပြုလုပ်

မန္တလေး၊ ဒီဇင်ဘာ ၁၈-၂၀၁၈

လင်းလင်း(VOM)

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေကြမ်းပါ တိုင်းရင်းဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလျှက်ရှိတဲ့ တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူရဲ့ အရည်အချင်းသတ်မှတ်ချက် ဖြစ်တဲ့ ပုဒ်မ(၁၅) ပုဒ်မခွဲ(စ) ကို ကန့်ကွက်တဲ့ စတစ်ကာကမ်ပိန်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့က မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်မှာ ဒုတိယ အကြိမ်ပြုလုပ်ခဲ့ပါတယ်။

အဆိုပါပုဒ်မကို မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေမှာ ထည့်သွင်းပြဌာန်း ဖို့ ဒီဇင်ဘာလ ၆ရက်နေ့ကကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မဲခွဲ ဆုံးဖြတ်တဲ့အခါ  ထည့်သွင်းပြဌာန်းဖို့ အနိုင်ရရှိခဲ့တဲ့ အတွက် အမှန်တကယ် တိုင်းရင်းဆေးတက္ကသိုလ် တက်ရောက်သင်ယူ ကုသနေသူတွေနှင့် ဆေးကုသမှု ခံယူရမယ့် ပြည်သူလူထု ထိခိုက်နိုင်တာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့ စတစ်ကာကမ်ပိန်းနှင့်အတူ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းရင်းဆေး ပညာရှင်တွေက ပြောပါတယ်။

“တိုင်းရင်းဆေးဆရာမှတ်ပုံတင်လက်မှတ်ရ တိုင်းရင်းဆေးလောကသားတွေကိုလည်း ထိခိုက်နစ်နာနိုင်တယ်၊ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အလွန်အန္တရာယ်ကြီးတဲ့ ပြဿနာတွေ ကြုံလာနိုင်တဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် ဒီဥပဒေကို နိုင်ငံတော် သမ္မတကြီး အနေနဲ့ ပြင်ဆင်ပေးဖို့ရော နောက်တစ်ခုက ဒီဥပဒေ အတည်ဖြစ်လာခဲ့ရင် နောက်ပိုင်းမှာ ထွက်လာမယ့် နည်းဥပဒေမှာ ဒီ ဥပဒေကို လုပ်ပြီးတော့ လုပ်စားမယ့်သူတွေ အတွက်ကို ကန့်သတ်နိုင်အောင် ဒီ ဥပဒေကို တိတိကျကျလေး ရေးဆွဲစေချင်တဲ့ စိတ်နဲ့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်”လို့ တိုင်းရင်းဆေး တက္ကသိုလ် ကျောင်းသားဟောင်းအသင်းမှ ကိုဟိန်းစိုးအောင်က  ပြောပါတယ်။

ထည့်သွင်းအတည်ပြုလိုက်တဲ့ ပုဒ်မ ၁၅(စ)အရ တက္ကသိုလ်ဝင်တန်း အမှတ် ၄၀၀ ရရှိစေရန်မလိုပဲ၊ ပြင်ပတိုင်းရင်းဆေးခန်းတစ်ခုမှ ပညာသင်ခြင်း (သို့မဟုတ်) တိုင်းရင်းဆေးဆရာ တစ်ဦးထံပညာသင်ယူခြင်း(သို့မဟုတ်) အင်တာနက်ပေါ်ကနေ လေ့လာရုံနှင့် တိုင်းရင်းဆေးလက်မှတ်ကို တရားဝင် ​လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

မြန်​မာနိုင်​ငံတိုင်းရင်း​ဆေး​ကောင်​စီဥပ​ဒေကြမ်းမှာ ပါဝင်​​​နေတဲ့ ပုဒ်မ ၁၅ (စ)​ကို ကန့်​ကွက်​​ကြောင်းကိုလည်း နိုင်​ငံ​တော်​သမ္မတနှင့်​နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံပုဂ္ဂိုလ်​နှင့် ကျန်းမာရေး ဝန်ကြီးဌာနထံ တိုင်းရင်း​ဆေး​ကုသခွင့် မှတ်ပုံတင်ရရှိထားသူ ၁၅၀၀ ​ခန့်ရဲ့ လက်​မှတ်​​ထိုးနှင့် တင်​ပြထားတယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့ တိုင်းရင်းဆေးကောင်စီဥပဒေဆိုတာ မွေးထုတ်ပြီးသား ဆေးဆရာတွေရဲ့ အရည်အသွေးကို ထိန်းကျောင်းပေးတဲ့၊ကျင့်ဝတ်သိက္ခာကို ထိန်းကျောင်းပေးတဲ့ ဒီ နှစ်မျိုးပဲ ကျွန်တော်တို့ လုပ်ခွင့်ရှိတယ်၊အဲ့တော့ ဒီ ၁၅(စ)နဲ့ ၃၁(ဂ)ဟာ ဆေးဆရာမွေးထုတ်တဲ့ ဥပဒေ၊ဥပဒေကြောင်း အရကို မှားယွင်းစွာပါဝင်နေတယ်၊ဒါကလည်း ကျွန်တော်တို့က လွှတ်တော်အဆင့်ဆင့်မှာ ဆွေးနွေးပေမယ့်လို့ သူတို့ လက်မခံကြဘူး၊အတည်ဖြစ်သွားတယ်၊ဆွေးနွေးစဉ်က ဥပဒေရုံးက ကျွမ်းကျင်တဲ့ ဥပဒေရှင်တွေပါပါတယ်သူတို့ ကိုယ်၌ကသိတယ်၊သို့သော်လည်းပဲ ဒီဟာကြီးက မအောင်မြင်ခဲ့ဘူး၊မဲ ဆန္ဒအလျှောက် ခွဲခဲ့တဲ့အခါ အရှုံးပေးသွားတယ်၊ပြောချင်တာက ဒီ ဥပဒေကို တင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်က တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပြီးတော့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဇောလေး တွေပါနေတာကို တွေ့နေရတယ်၊ဆိုတော့ ဒါဟာ ဘယ်လိုမှ ကျွန်တော်တို့က ရည်ရွယ်ချက်ကောင်းမဟုတ်ဖူးလို့ ကျွန်တော်တို့ ခံယူတယ်”လို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဝင် ဦးဝင်းကိုက ပြောပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းပါ ပုဒ်မ(၁၅) ပုဒ်မခွဲ(စ) ထည့်သွင်းခြင်းဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်များနှင့် ပတ်သက်တဲ့ ရှင်းလင်းဟောပြောပွဲကိုလည်း  တိုင်းရင်းဆေး တက္ကသိုလ်မှာ  ပြုလုပ်ခဲ့ပါတယ်။

#voiceofmyanmar#မန္တလေး# ပုဒ်မ၁၅(စ)ကန့်ကွက်ကြောင်းဒုတိယအကြိမ်စတစ်ကာကန်ပိန်း#

Related posts

Leave a Comment

VOM News

FREE
VIEW