ပန်ဆောင်မြို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်စည်များကို မူလဈေးနှုန်းထက် ၆ဆ ပိုပေးဝယ်ယူနေရ

ပန်ဆောင် ဒီဇင်ဘာ ၁၉-၂၀၁၈

မိုင်ချယ်ရီ(VOM)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အခြားဒေသကနေ ကုန်စည်များကို ၀ယ်ယူသုံးစွဲတဲ့အခါမှာ မူလကုန်စည်ဈေးနှုန်းထက် တန်ဆာခ ၆ ဆ ပိုပေးပြီး ၀ယ်ယူနေရတယ်လို့ နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ က ပြောပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ မှာ ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နန်းယွန်းမြို့နဲ့ ပန်ဆောင်မြို့အကြား ကားလမ်းကို မြေသားလမ်းကနေ  ကျောက်ချောလမ်းအဖြစ် တိုးမြင့် လမ်းခင်းပေးဖို့အတွက် မေးခွန်းမေးမြန်းချိန်မှာ နန်းယွန်းမြို့နဲ့ ပန်ဆောင်မြို့ကြား ကားလမ်းဟာ မိုးတွင်းကာလမှာ ဆိုင်ကယ် နဲ့ တစ်နေကုန် ခက်ခက်ခဲခဲ သွားလာနေရပြီး ဒီလို သွားလာရေးခက်ခဲတာက ကုန်ဈေးနှုန်းမြင့်မားမှု၊ ဆန် နဲ့ အခြားစားသုံးကုန် သယ်ယူဖို့ အခက်အခ၊ဲ စက်သုံးဆီနဲ့ တည်ဆောက်ရေးပစ္စည်းတွေ သယ်ယူဖို့ အခက်အခဲ အမျိုးမျိုးကြုံတွေ့နေရတာ နဲ့ မူလပစ္စည်း ၀ယ်ယူနှုန်းထက် တန်ဆာခ ကိုက ၆ ဆ လောက် ပိုပြီးတော့ ပေးနေရတာတွေကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူက “နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ နန်းယွန်းမြို့နယ်ဟာ အခြားသော မြို့နယ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် လမ်းပန်းဆက်သွယ်ရေး ပညာရေး ကျန်းမာရေး လူမှုစီးပွားရေး အစစ အရာရာမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး ဒေသဖြစ်ပါတယ်” လို့ နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ က ပြောပါတယ်။

နန်းယွန်းမြို့နယ် အတွင်းမှာ ရှိနေတဲ့ ပန်ဆောင်မြို့ဟာ မြန်မာ-အိန္ဒိယ နယ်စပ် အနီးမှာ တည်ရှိပြီး ကုန်စည်ဝယ်ယူသုံးစွဲမှုအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ တနိုင်းမြို့ ကို အဓိက မှီခိုနေရပြီး အဲ့ဒီမြို့တွေကနေ တဆင့် မြစ်ကြီးနား-တနိုင်း-ရှင်ဗွေယန်-နန်းယွန်း-ပန်ဆောင် စတဲ့ လီဒိုကားလမ်းမကြီးအတိုင်း ကုန်စည်ကို ခက်ခက်ခဲခဲ သယ်ယူကြရပါတယ်။

ဒီလို သယ်ယူကြရာမှာ ရှင်ဗွေယန်-နန်းယွန်း-ပန်ဆောင် လမ်းပိုင်းဟာ မိုးရာသီကာလ ရောက်တိုင်း ဆိုင်ကယ်နဲ့သာ သွားလာလို့ရပြီး ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဆန် ၊ စားသောက်ကုန်နဲ့ စက်သုံးဆီတွေကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ရှိနေတာကြောင့် ဆန်တစ်အိတ်ကို ငွေကျပ် ၉ သောင်း အထိ ကုန်ဈေးနှုန်းကြီးမြင့်စွာပေးပြီး ၀ယ်ယူစားသောက်နေရတယ်လို့ နန်းယွန်းမြို့နယ်ဖက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

#voiceofmyanmar#ပန်ဆောင်မြို့#လမ်းပန်းဆက်သွယ်ရေးကြောင့်ကုန်စည်များပိုပေးဝယ်ယူနေ#

Related posts

Leave a Comment

VOM News

FREE
VIEW