စည်ပင်ဆောင်ရွက်ချက်တွေ မကျေနပ်လို့ မုံရွာမြို့မှာ ဒေသခံတွေ ဆန္ဒပြ

မုံရွာ၊ ဒီဇင်ဘာ ၂၁-၂၀၁၈

အောင်ကိုလတ်(VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က စည်ပင်သာယာရေးရဲ့ ဆောင်ရွက်ချက်တွေကို ကျေနပ်အားရမှု မရှိတဲ့အပြင် အဂတိလိုက်စားတာ၊ စီမံခန့်ခွဲမှု လွဲချော်နေတာတွေကို တွေ့နေရတဲ့အတွက် မုံရွာမြို့ အရပ်ဖက်အဖွဲ့အစည်းတွေ ဦးဆောင်ကာ အင်အား ၂၀၀ ခန့်က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို မုံရွာမြို့ခံတွေတင်မက ကောလင်း၊ ကန့်ဘလူ၊ ဒီပဲယင်းစတဲ့ မြို့နယ်တွေက ပြည်သူတွေလည်း လာရောက်ဝန်းရံခဲ့ကြပါတယ်။ ကောလင်းမြို့က ပြည်သူတွေကလည်း ကောလင်းမြို့ပေါ် ဗိုလ်ချုပ်ပန်းခြံမှာ မြို့ပေါ်ရပ်ကွက်က ပြည်သူတွေကိုတောင် အသိမပေးဘဲ မြို့တော်ခန်းမ ဆောက်လုပ်နေတဲ့အတွက် ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

“ကျွန်တော်တို့ကတော့ စည်ပင်နဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုလွဲနေတာတွေ တွေ့နေရတယ်၊ ဘက်ဂျက်တွေ အလေအလွင့်ဖြစ်နေတာတွေ တွေ့နေရတယ်၊ ဒါ့အပြင် တချို့ကိစ္စတွေမှာ ဘက်ဂျက်တွေ ပိုတောင်းတာတွေ တွေ့ရတယ်၊ ဘက်ဂျက်ကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုမရှိဘူး၊ အဂတိလိုက်စားတဲ့ ဝန်ထမ်းတွေလည်း ရှိနေတယ်၊ ဒါတွေကို အရေးယူပေးဖို့၊ ပြုပြင်ပေးဖို့ ဆန္ဒပြတာပါ ”လို့ ဆန္ဒပြပွဲဦးဆောင်သူ ဦးကျော်မျိုးခိုင်က ပြောပါတယ်။

ဆန္ဒပြပွဲမှာတော့ စီမံခန့်ခွဲမှု အလွဲများ ပြုပြင်ပြောင်းလဲပေးရေး၊ ဘက်ဂျက်ပွင့်လင်းမြင်သာရေး၊ အဂတိမကင်းသော တာဝန်ရှိသူများ အရေးယူပေးရေး၊ စည်ပင်ကဏ္ဍ စီမံခန့်ခွဲသော တာဝန်ရှိသူများ အလိုမရှိ၊ မုံရွာမြို့ ပညာ့အလင်းခေတ်မှီစာကြည့်တိုက် အမြန်ပြန်ဖွင့်ပေးရေး၊ ဈေးများ လုံခြုံသန့်ရှင်းရေး၊ အမှိုက်ကွင်းများ စနစ်တကျဖော်ဆောင်ရေး စတဲ့ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို မုံရွာမြို့ မြို့တော်ခန်းမရှေ့ကနေ စတင်ကာ ဘူတာလမ်း၊ ပြည်ထောင်စုလမ်း၊ ကျောက္ကာလမ်း၊ ဗိုလ်ချုပ်လမ်းတို့အတိုင်း ဈေးရှေ့ထိ သွားရောက်ခဲ့ပြီး တိုင်းစည်ပင်ရုံးရှေ့ကိုလည်း သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

စည်ပင်ကိစ္စနဲ့ပတ်သက်ပြီး မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြသလို နေ့လည်ပိုင်းမှာလည်း မုံရွာမြို့ ချင်းတွင်းအင်စတီကျူ့ရုံးမှာ ဆန္ဒပြပွဲဦးဆောင်သူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး စည်ပင်အမှိုက်ကိစ္စ၊ ရေမြောင်းကိစ္စ၊ မြို့တွင်းလမ်းတွေကိစ္စတွေမှာ ငွေကြေးအလွဲသုံးစားလုပ်နေတာတွေကိုလည်း အချက်အလက်တွေနဲ့တကွ ရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။

စည်ပင်အနေနဲ့ ပြုပြင်ပြောင်းလဲတာတွေ၊ အရေးယူတာတွေ မလုပ်ရင် သက်သေတွေနဲ့တကွ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အထိ သက်သေသက်ကာယ ခိုင်ခိုင်လုံလုံနဲ့ တိုင်တန်းသွားမှာ ဖြစ်ပါတယ်။

#voiceofmyanmar#မုံရွာ#စည်ပင်ကိုဆန္ဒပြ#

Related posts

Leave a Comment

VOM News

FREE
VIEW