တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများရပ်ဆိုင်းပြီး  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်အောင် အကောင်အထည်ဖော်မယ်

မန္တလေး၊ ဒီဇင်ဘာ ၂၁-၂၀၁၈

ဟိန်းကို(VOM)

မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပက်သက်ပြီး တပ်မတော်က စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ၂၀၁၉ခုနှစ် ဧပြီလ ၃၀ရက်နေ့အထိ ရပ်ဆိုင်းပေးမယ့်အကြောင်းကို ဒီကနေ့  နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ သတင်းမီဒီယာကောင်စီ နဲ့ တပ်မတော်တို့ တွေ့ဆုံတဲ့ပွဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ သတင်းမီဒီယာကောင်စီဝင် ၁၈ ဦးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပါတယ်။ဒီလိုတွေ့ဆုံတာမှာ မီဒီယာကောင်စီဘက်ကတင်ပြခဲ့တာနဲ့ ပက်သက်လို့ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ကိုကျော်စွာမင်း က “ တပ်မတော်ဘက်က သတင်းတွေရယူရမှာ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးရေး၊ သတင်းအချက်လက်အတွက်  တပ်မတော်အနေနဲ့ ပြောရေးဆိုခွင့်ရှိသူထားပေးဖို့၊ တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ သတင်းသမားတွေ လွတ်လပ်စွာသတင်းသွားယူဖို့ စီစဉ်ပေးရေး၊ လုံခြုံရေးဆောင်ရွက်ပေးရေး  သတင်းစာရှင်းလင်းပွဲတွေကျင်းပပေးဖို့၊တပ်မတော်နဲ့သတင်းမီဒီယာကြား အလုပ်ရုံဆွေးနွေးပွဲ မကြာခဏကျင်းပပေးရေး ၊အခက်အခဲရင်ဆိုင်နေရတဲ့ ပုဂ္ဂလိက သတင်းစာတွေရဲ့အခက်ခဲကူညီပေးဖို့ ဖမ်းဆီးထားတဲ့ ရိုက်တာသတင်းထောက် ၂ယောက်ကိစ္စ  “  တို့ကို တင်ပြခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘက်ကလည်း အကုန်လိုက်လျောဖို့ အနေအထားတွေ့ရတယ်လို့  သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ကိုကျော်စွာမင်း ကပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း  “တပ်မတော်နဲ့ သတင်းမီဒီယာတွေ ရင်းနှီးအောင်၊ ထောက်တိုင်၎တိုင်ကောင်းရင် တိုင်းပြည်ပိုကောင်းမယ်၊ ဘယ်လိုဖိအားတွေရှိနေပါစေ တိုင်းပြည်ကောင်းအောင်လုပ်မယ်၊ တူညီတဲ့ရည်မှန်းချက်တွေ ထားပြီး အားလုံးဝိုင်းလုပ်မှ တိုင်းပြည်အေးချမ်းမှာပါ၊ ငြိမ်းချမ်းရေးကို ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေအတိုင်း လုပ်ဆောင်သွားမယ်လို့ “ ပြောခဲ့ပါတယ်။

၂၀၂၀ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးမြောက်စေရေး သန္နိဌာန်ချထားကြောင်း နဲ့ တပ်မတော်အနေနဲ့  သန္နိဌာန်အတိုင်း ဖြစ်မြောက်အောင်ဆောင်ရွက်ပြီး တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူတွေလက်ထဲအရောက် တပ်မတော်က အပ်နှင်းမယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြရေးသားထားပါတယ်။

#voiceofmyanmar#တပ်မတော်#ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြီးပြတ်အောင်အကောင်အထည်ဖော်မယ်#

Related posts

Leave a Comment

VOM News

FREE
VIEW