ပင်လယ်ပြင်အတွင်း ငါးတွေကိုဓါတုဆေးဝါးနဲ့ မိုင်းတွေအသုံးပြုပြီး ဖမ်းဆီးနေတာတွေရှိနေ

ဂွ၊ ဒီဇင်ဘာ ၂၁-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်အတွင်း ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့ ကမ်းနီးကမ်းဝေးငါးဖမ်း လှေတွေဟာ ပင်လယ်ပြင်အတွင်းက ငါးတွေကို မိုင်းခွဲဖမ်းဆီးတာတွေနဲ့ ဓါတုပစ္စည်းတွေကို အသုံးပြုဖမ်းဆီးတာတွေရှိ နေပါတယ်။

အခုလိုမျိုး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ငါးတွေကို နည်းမျိုးစုံသုံးပြီး ဥပဒေမဲ့ဖမ်းဆီးနေကြတာကြောင့် ပင်လယ်ပြင်အတွင်းက သဘာဝဇီဝမျိုးစိတ်တွေဟာ ပျက်စီးဆုံးရှုံးမှုပိုမိုများပြားလာနေတယ်လို့ ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) ဥက္ကဌ ဒေါက်တာမောင်မောင်ကြည်က ပြောပါတယ်။

“ကျွန်တော်တို့ ရခိုင်ပင်လယ်ပြင်အတွင်းမှာ ငါးတွေကိုဖမ်းဆီးနေတဲ့ ငါးဖမ်းလှေတွေဟာ ဓါတုဆေးဝါးတွေကို အသုံးပြုပြီးတော့ ဖမ်းဆီးနေကြတာရှိတယ်၊ တစ်ခေါက်ကျွန်တော် သွားပြီးကမ်းခြေကိုလေ့လာမှုတွေ ပြုလုပ်တဲ့အခါမှာ ပုလင်းခွံတွေကိုတော့ရတယ်၊ ဘာလဲကြည့်တော့ အဲဒီပုလင်းတွေက Potash ပုလင်းတွေဖြစ်နေတယ်၊ ဒါတွေကို ကျေးရွာတွေမှာတောင် ခိုးပြီးရောင်းချနေတဲ့ ဈေးဆိုင်တွေရှိနေတယ်လို့ ပြောကြတယ်”လို့ ဒေါက်တာမောင်မောင်ကြည်က ပြောပါတယ်။

ဒါ့အပြင် ဒရွတ်ပိုက်တွေနဲ့ ငါးဖမ်းဆီးနေတဲ့ငါးဖမ်းလှေတွေအနေနဲ့လည်း သန္တာကျောက်တန်းတွေရှိတဲ့နေရာတွေမှာ ဝင်ရောက်ပြီး ငါးဖမ်းဆီးမှုတွေပြုလုပ်နေတဲ့အတွက် သန္တာကျောက်တန်းတွေ ပျက်စီးမှုတွေရှိနေပြီး အခုလိုမျိုး သန္တာကျောက်တန်းတွေပျက်စီးသွားရင် ဇီဝမျိုးစိတ်တွေ ပေါက်ရောက်ရှင်သန်နိုင်ရေး အခက်အခဲရှိလာနိုင်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

“နောက်ပြီးတော့ ကမ်းနီးနေရာတွေဝင်ပြီး ကမ်းဝေးငါးဖမ်းသင်္ဘောတွေက မိုင်းခွဲတာတွေလည်း လုပ်ကြတယ်၊ သူတို့က မိုင်းခွဲပြီး ရေနက်ပိုင်းကိုထွက်ပြေးသွားတယ်၊ ငါးတွေကို သူတို့နဲ့ ချိတ်ဆက်ထားတဲ့ လှေငယ်တွေက ကောက်တာပေါ့၊ ရေတပ်ကလိုက်လာလို့မြင်ရင်လည်း ဒေသခံတွေလုပ်တာဆိုပြီး အပြစ်မယူတာတွေရှိတယ်”လို့ ဒေါက်တာမောင်မောင်ကြည်က ပြောပါတယ်။

အခုလိုမျိုး ငါးတွေကိုတရားမဝင်ဖမ်းဆီးနေတဲ့အတွက် ငါးမျိုးစိတ်တွေနည်းပါးခဲ့ရသလို ငါးဖမ်းလှေသမားတွေရဲ့ မဆင်မခြင်ဖမ်းဆီးနေမှုကြောင့် ပင်လယ်ပြင်အတွင်းထိခိုက်ပျက်စီးမှုတွေရှိနေတာကြောင့် သက်ဆိုင်ရာဌာနတွေအနေနဲ့ ထိထိရောက်ရောက် တားမြစ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ကမ်းဝေးငါးဖမ်းလှေတွေမှာ ဧရိယာကို တိုင်းတာနိုင်တဲ့ကိရိယာတွေတပ်ဆင်ထားခြင်းမရှိတာကြောင့် မိမိတို့လုပ်ပိုင်ခွင့်ရရှိထားတဲ့ ငါးဖမ်းကွက်တွေကို ကျော်လွန်ပြီးဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ ဒေါက်တောမောင်မောင်ကြည်က ပြောပါတယ်။

#voiceofmyanmar#ဂွ#ပင်လယ်ပြင်မှာငါးတွေကိုဓါတုဆေးဝါးနဲ့ဖမ်းဆီးနေတာတွေရှိ#

Related posts

Leave a Comment

VOM News

FREE
VIEW