ထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဆို

လန်ဒန်၊ ဒီဇင်ဘာ ၂၂-၂၀၁၈

မျိုးဆက်(VOM)

မြန်မာနိုင်ငံ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဟာ အပြစ်မရှိဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရန်ကုန်ခရိုင်တရားရုံးက စက်တင်ဘာလအတွင်းက  အပြစ်ရှိကြောင်း အမိန့်ချလိုက်ပြီး ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင် လျှောက်လှမ်းနေမှုအပေါ် မေးခွန်းထုတ်ခဲ့ကြကာ နိုင်ငံတကာသံတမန်တွေနဲ့  လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုလည်း ထွက်ပေါ်နေပါတယ်။

ယင်းဖြစ်စဉ်နဲ့  ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများအကြား စိုးရိမ်နေကြောင်း လက္ခဏာတစ်ရပ်အဖြစ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ထောင်ကျနေတဲ့  ရိုက်တာသတင်းထောက်နှစ်ဦးကို ထောက်ခံကြောင်း ရုပ်သံဖိုင်တစ်ခု ရိုက်ကူးပြောကြားခဲ့ပြီး ယင်းဖြစ်စဉ်အပေါ် ဗြိတိန်အနေနဲ့ လွန်စွာ စိုးရိမ်ပူပန်မိတယ်လို့ ဂျယ်ရမီဟန့်က ပြောပါတယ်။

၎င်းတို့နှစ်ဦးမှာ  အပြစ်မရှိဘူးလို့ ယုံကြည်တဲ့အတွက် ကမ္ဘာကြီးက မမေ့လျော့ကြရန်လိုအပ်ကြောင်း၊ ယခုနှစ်အတွင်း သတင်းသမားတွေထောင်ချခံရတာနဲ့ သတ်ဖြတ်ခံရတာတွေလည်း တိုးပွားလာနေတာကိုလည်း တွေ့မြင်နေရတယ်လို့  ဗြိတိန်နို်င်ငံခြားရေးဝန်ကြီး ကပြောပါတယ်။

၂၀၁၈ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ကမ္ဘာတစ်ဝန်းမှာ သတင်းသမား ၅၃ ဦးသတ်ဖြတ်ခံခဲ့ရပြီး ၂၅၁ ဦးမှာ ထောင်ကျနေတယ်လို့ အမေရိကန်အခြေစိုက် သတင်းသမား ကာကွယ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar#ရိုက်တာသတင်းထောက်နှစ်ဦးကိစ္စ#စိုးရိမ်တယ်လို့ဗြိတိန်ဝန်ကြီးပြော#

Ref : Reuter

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW