ကျောက်တော်၊ ဒီဇင်ဘာ ၂၅-၂၀၁၈
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာ လေးရွာကို စစ်ဘေးရှောင်ပေါင်း ၁၀၀၀ ကျော်ရောက်ရှိနေတာ ဖြစ်ပါတယ်။
အဲဒီစစ်ဘေးရှောင်းကျေးရွာသားတွေကို ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် မိမိတို့ရဲ့ကျေးရွာတွေဆီကို ပြန်သွားကြဖို့ ဒီဇင်ဘာ ၂၄ ရက်နေ့က သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က လာပြောသွားတယ်လို့ ကန်ဇောက်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။
“လောလောဆယ်မှာ တိုက်ပွဲတွေမဖြစ်တော့ဘူး။ အေးဆေးနေပြီ ရွာတွေကိုပြန်နေလို့ရပြီဆိုပြီးတော့ စစ်ဘေးရှောင်တွေကို ရွာပြကြဖို့ မနေ့ကလာပြောပါတယ်၊ကန်ဇောက်မှာရှိတဲ့ စစ်တပ်ကလာပြောသွားတာပါ ”လို့ ကန်ဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသင်္ခါကျော်က ပြောပါတယ်။
လက်ရှိမှာတော့ ယိုချောင်းဖျားဒေသ ကန်ဇောက်ကျေးရွာအထက်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေဖြစ်တဲ့ သလူချောင်းနဲ့ ငစရိုင်းကိုင်းကျေးရွာတွေက စစ်ဘေးရှောင်တွေကို အကူအညီသွားပေးတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို သွားလာခွင့်ပိတ်ပင် ထားသေးတာဖြစ်ပါတယ်။
“စစ်ဘေးရှောင်တွေကို ရွာပြန်ခိုင်းနေတယ်ဆိုပေမယ့် အထက်ပိုင်းက ရွာတွေကိုတော့ ရိက္ခာပို့တဲ့အဖွဲ့တွေ သွားလာခွင့် မပေးသေးဘူး၊ စစ်ဘေးရှောင်တွေလည်း မနေ့ကအထိ ကျွန်တော်တို့ရွာကို ရောက်လာနေတုန်းပါပဲ၊ မနေ့က အိမ်ထောင်စု ၁၆ စုရောက်ပါတယ်၊ လက်ရှိတော့ကျွန်တော်တို့ရွာမှာ လူဦးရေ ၄၆၀ ရှိနေပါတယ် ”လို့ ဦးသင်္ခါကျော်က ပြောပါတယ်။
ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာသားအများစုတို့ဟာ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တွေကို ထွက်ပြေးခိုလှုံနေကြတာဖြစ်ပြီး အဲဒီလူတွေဟာ ကျွန်းသာယာ၊ သလူချောင်း၊ တောင်ပေါက်၊ ခရုမော်ပတ်စတဲ့ကျေးရွာသားတွေ ဖြစ်ကြပါတယ်။
#voiceofmyanmar#ကျောက်တော်#စစ်ဘေးရှောင်တွေကိုနေရပ်ပြန်ခိုင်း#
ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေကို ရွာပြန်ခိုင်း
