အီဂျစ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရနောက် အကြမ်းဖက်သမား ၄၀ ဦးကို တစ်နေ့တည်း နှိမ်နင်း

ကိုင်ရို၊ဒီဇင်ဘာ ၃၀-၂၀၁၈
မျိုးဆက် (VOM)

အီဂျစ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားဘတ်စ်ကားတစ်စီးကို အကြမ်းဖက်အုပ်စုက ပစ်မှတ်ထားတိုက် ခိုက်ပြီးနောက် ဂီဇာနှင့် ဆီနိုင်းမြောက်ပိုင်းဒေသတို့ကို အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စီးနှင်းတိုက်ခိုက်ပြီး အကြမ်းဖက်သမား ၄၀ ဦးကို နှိမ်နင်းလိုက်ပါတယ်။

အဆိုပါအကြမ်းဖက်သမားတွေဟာ နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း အီဂျစ်နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုကျူးလွန်ဖို့ ကြံစည်နေတဲ့ စစ်သွေးကြွ သံသယရှိသူ တွေဖြစ်တယ်လို့ အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

၎င်းတို့ကို အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဟန့်တားနိုင်ခဲ့ပြီး နေရာသုံးခုကို တစ်ပြိုင်နက်စီးနှင်းရာမှာတော့ အကြမ်းဖက်သမား ၄၀ ဦးသေဆုံးခဲ့တယ်လို့ အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်က ပြောပါတယ်။

စစ်ဆင်ရေးနှစ်ခုကို ကမ္ဘာ့လှည့်ခရီးသွားများအကြား လူကြိုက်များတဲ့ ဂီဇာမှာ ပြုလုပ်ခဲ့ပြီး စစ်သွေးကြွး ၃၀ ဦးသေဆုံးသွားပါတယ်။ တတိယမြောက်စီးနင်းမှုကို ဆီနိုင်းဒေသ မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးအတွက် သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း အမြောက်အမြား ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသွားတဲ့ အကြမ်းဖက်သမားတွေဟာ ဒီဇင်ဘာ ၂၈ ရက်က နာမည်ကျော် ဂီဇာပိရမစ်တွေအနီးမှာ ဗီယင်နမ် ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားတစ်စီးကို လမ်းဘေးဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်နွယ်ခြင်းရှိမရှိကိုတော့ အီဂျီပြည်ထဲရေးဝန်ကြီးဌာနက မှတ်ချက်ပေးခြင်းမရှိပါဘူး။

ဒီလို လမ်းဘေးဗုံးခွဲတိုက်ခိုက်မှုကြောင့် ဗီယက်နမ် ကမ္ဘာလှည့်ခရီးသွား သုံးဦးနဲ့ အီဂျစ်ဧည့်လမ်းညွှန်တစ်ဦးတို့ သေဆုံးခဲ့ပြီး လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒါဏ်ရာရရှိခဲ့ကြပါတယ်။

#voiceofmyanmar#အီဂျစ်​#အကြမ်းဖက်​သမား၄၀ကိုနှိမ်​နင်း#
Ref: RT
Photo : Reuter

Related posts

✕
VOM News

FREE
VIEW