နျူကလီယားအရေးဆွေးနွေးဖို့ တောင်ကိုရီးယားသမ္မတနဲ့ မကြာခဏ တွေ့မယ်လို့ ကင်ဂျုံအန်ကတိပြု

ဆိုးလ်၊ ဒီဇင်ဘာ ၃၁-၂၀၁၈
မျိုးဆက် (VOM)

နျူကလီးယားစွန့်လွှတ်ရေး ဆွေးနွေးဖို့အတွက် လာမယ့်နှစ်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နဲ့ မကြာခဏ တွေ့ဆုံသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကတိပြုပြောဆိုလိုက်ပါတယ်။

နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးရရှိဖို့နဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးပြသနာကို အတူတကွဖြေရှင်းဖို့ ဆန္ဒရှိနေတယ်လို့ တောင်ကိုရီးယားသို့ ကြုံတောင့်ကြုံခဲ ပေးပို့ခဲ့တဲ့ စာတစ်စောင်မှာ ကင်ဂျုံအန်က ရေးသားထားတယ်လို့ သမ္မတမွန်ဂျေးအင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယားကို လာရောက်နိုင်ခြင်းမရှိတဲ့ အတွက် များစွာနောင်တရမိတယ်လို့လည်း ကင်ဂျုံအန်က ထည့်သွင်းပြောဆိုထားပါတယ်။

စက်တင်ဘာလအတွင်းက မြောက်ကိုရီးယားသို့ သမ္မတမွန်ဂျေးအင် သွားရောက်ပြီးနောက် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်မယ်လို့ ကင်ဂျုံအန်က ကတိပြုပြောဆိုခဲ့တာဖြစ်ပါတယ်။

ကင်ဂျုံအန်ထံမှ စာကိုဘယ်လိုလက်ခံရရှိတယ်ဆိုတာကို သမ္မတမွန်ဂျေးအင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် အဆိုပါစာဟာ ရင်းနှီးနွေးထွေးတဲ့အကြောင်းအရာတွေပါကြောင်းနဲ့ အနာဂါတ်အခြေအနေတွေကိုကြည့်ပြီး တောင်ကိုရီးယားကို လာရောက်ရန် ခိုင်မာစွာဆုံးဖြတ်ထားတယ်လို့ ကင်ဂျုံအန်က ရေးသားထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံကိုလည်း စာတစ်စောင် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ကင်ဂျုံအန်ဟာ ၂၀၁၈ ခုနှစ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်လည်းတွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားနဲ့ အမေရိကန်တို့အကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်အတွက် အားထုတ်မှုတွေကတော့ မကြာသေးမီလများအတွင်း ရပ်တန့်နေခဲ့ပါတယ်။

#voiceofmyanmar#နျူကလီယားအရေးဆွေးနွေးဖို့#​တောင်ကိုရီးယားသမ္မတနဲ့#မကြာခဏ​တွေ့မယ်လို့#ကင်ဂျုံအန်ကတိပြု#
Ref: Reuter/ BBC
Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW