ရတနာပုံ တက္ကသိုလ်နဲ့ မီဒီယာ

ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့မှာ သတင်းမီဒီယာနဲ့ ပညာရေးအဖွဲ့အစည်း နှစ်ခုကြား ပွတ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ မန္တလေးအခြေစိုက် သတင်းသမားတွေနဲ့ ရတနာပုံတက္ကသိုလ်က ပညာရေးဝန်ထမ်းတချို့ကြားက ပြဿနာ ဖြစ်ပါတယ်။

ဖြစ်စဉ်အကျဉ်းကို ပြောရရင် ဒီဇင်ဘာ ၂၈ ရက်က ရတနာပုံတက္ကသိုလ်မှာရှိတဲ့ ကျောင်းသားအချို့ကနေ တက္ကသိုလ်လုံခြုံရေးကိစ္စနဲ့ သန့်ရှင်းရေးကိစ္စတွေ စပ်လျဉ်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြတဲ့နေရာကိုသတင်းသမားအချို့ သတင်းသွားယူခဲ့ပါတယ်။ ဆန္ဒပြသူကပြ သတင်းယူတဲ့သူကယူနေတဲ့အချိန် ဆန္ဒပြပွဲနားမှာစောင့်ကြပ်နေတဲ့ တက္ကသိုလ်ဆရာမတယောက်က  သတင်းသမားတွေကိုရည်ရွယ်ပြီး စိတ်လိုက်မာန်ပါစကားတချို့ပြောခဲ့ပါတယ်။ အဲဒီစကားကြောင့် သတင်းသမားတွေက မကျေမနပ်ဖြစ်ပြီး ဆရာမပြောခဲ့တဲ့ စကားတွေအတွက် တာဝန်ခံပြီး တောင်းပန်ပေးဖို့ စာထုတ်ပြန်တဲ့ထိဖြစ်ခဲ့ပါတယ်။

တက္ကသိုလ်ရဲ့ဆရာမ ပါမောက္ခရဲ့ ပြောစကားတွေအတွက် မန္တလေးအခြေစိုက် သတင်းသမားတွေက တက္ကသိုလ်တာဝန်ရှိသူထံ ဖြေရှင်းပေးဖို့ သွားရောက်တွေ့ဆုံပြောကြားဖို့ စီစဉ်ခဲ့ပေမယ့် အဆင်မပြေခဲ့လို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားအကူအညီတောင်းတဲ့ထိဖြစ်ခဲ့ပါတယ်။ ဒီကစပြီး အဖွဲ့အစည်းနှစ်ခုကြား ပြဿနာပုံစံကို ဦးတည်သွားခဲ့ပါတယ်။

အဖွဲ့အစည်းနှစ်ခုအကြား ပွတ်တိုက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ သတင်းမီဒီယာကောင်စီက ကော်မတီတစ်ရပ်ဖွဲ့သည် အထိ ဖြစ်လာခဲ့ပြီး ဒီကနေ့ ဇန်နဝါရီ ၆ ရက်မှာ စတင်စုံစမ်းတော့မှာပါ။

တကယ်တော့လည်း လူ့အဖွဲ့အစည်းထဲမှာ အဖွဲ့စည်းတခုနဲ့တခုကြား ပွတ်တိုက်မှုဆိုတာကတော့ အထူးအဆန်းလို့ဆိုလို့မရပါဘူး အထူးသဖြင့် သတင်းမီဒီယာနဲ့ တခြားအဖွဲ့အစည်းကြားဆိုတာ ပိုပြီးတော့ မထူးဆန်းပါဘူး။

သတင်းမီဒီယာရဲ့ သဘောအရ ပြည်သူသိပိုင်ခွင့်ရှိတာတွေကို ကြိုးစား ဖော်ပြရေးသားကြရမှာပါဘဲ။ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို ဖော်ထုတ်ကြရမှာ မီဒီယာရဲ့တာဝန်ပါ။  တိမ်းစောင်းနေတဲ့အခြေအနေတွေကို တည့်မတ်ပေး၊ ထောက်ပြပေးရမှာပါဘဲ။  အဲဒီလိုဖော်ထုတ်ရေးသား တည့်မတ် ထိန်းကျောင်းရတဲ့အခါ သတင်းမီဒီယာသမားတွေ  လူမုန်းခံရတာ ဓမ္မတာပါ။ မီဒီယာသမားကို ပြန်ပြီး အစွပ်စွဲခံရတာ တိုက်ခိုက်ခံရတာ ရန်ရှာခံရတာအပြင် အသက်ကိုပါထိပါးတဲ့အထိ ဖြစ်ခဲ့တဲ့ သာဓကတွေ အများကြီးပါ။

ရတနာပုံတက္ကသိုလ်ကျောင်းသားအချို့ ဆန္ဒပြမှုဖြစ်စဉ်ကတော့  သတင်းသမားတွေကို အခြေအမြစ်မရှိ အစွပ်စွဲခံရတာသာဖြစ်ပါတယ်။  ကိုယ့်သတင်းအလုပ်ကိုလုပ်တာကို နောက်ကွယ်ကနေ မြှောက်ပေးပါတယ် စွပ်စွဲပါတယ်။ အမှန်တကယ်မြှောက်ပေးတာရှိရင် သက်သေသာဓကနဲ့ ဥပဒေအရ အရေးယူခိုင်းဖို့ သက်ဆိုင်ရာကို တိုင်ကြားနိုင်ပါလျှက် အခြေအမြစ်ခိုင်ခိုင်မာမာမရှိပါဘဲ စိတ်ခံစားချက်နဲ့ ဒေါသအလျောက် ပြောလိုက်တဲ့ ပါမောက္ခရဲ့စကားကြောင့် အဖွဲ့အစည်းနှစ်ခုအကြား ပြဿနာက ပိုကြီးသွားတာတွေ့ရပါတယ်။

ဒီနေရာမှာ မေးခွန်းအချို့ ရှိကောင်းရှိနိုင်ပါတယ်။  မြန်မာသတင်းမီဒီယာသမားတွေ သတင်းစာပညာအရည်အသွေးဘယ်လောက်မြင့်နေလဲ ကျင့်ဝတ်ကို ဘယ်လောက်စောင့်ထိန်းသလဲ သတင်းတွေကို ဘက်လိုက်မှုကင်းကင်း မျှမျှတတ် ရေနိုင်ကြလား စသည်ဖြင့် မေးခွန်းတွေရှိနိုင်ပါတယ်။

အဖြေကတော့ရှင်းပါတယ်။ ဘယ်အဖွဲ့အစည်းမဆို အကောင်းချည်းမရှိနိုင်သလို အဆိုးချည်းလည်း မရှိနိုင်ပါဘူး။ ထိုနည်းလည်းကောင်းပဲ သတင်းမီဒီယာတွေထဲမှာလည်း ကောင်းတဲ့ တော်တဲ့သတင်းသမားတွေရှိသလို  မကောင်းတဲ့ သတင်းသမားတွေလည်း ရှိနေနိုင်ပါတယ်။ မကောင်းတဲ့ သတင်းသမားအချို့ကို တွေ့ဖူး ဆက်ဆံဖူးရုံနဲ့တော့ သတင်းမီဒီယာတစ်ခုလုံး မကောင်းဘူးလို့ မှတ်ယူမယ်ဆိုရင် မှတ်ယူသူရဲ့ အဆင့်အတန်း ကိုယ့်ဟာကို သတ်မှတ်တာပါဘဲ။

ဒီကနေ့နဲ့ မနက်ဖြန်မှာ  သတင်းမီဒီယာကောင်စီရဲ့ စုံစမ်းရေးအဖွဲ့ကနေ  မန္တလေးအခြေစိုက် သတင်းသမားတွေနဲ့ ရတနာပုံတက္ကသိုလ်ဆရာမတဦးအကြား ပွတ်တိုက်မှုဖြစ်ပွားခဲ့ခြင်းကို စုံစမ်းစစ်ဆေးတော့မှာပါ။  အမှန်တရားအတွက် အဖြေတစ်ခု ထွက်ပေါ်လာမယ်လို့လည်း ယုံကြည်ရပါတယ်။  အဲဒီအဖြေတခု ထွက်လာရင်လည်း နှစ်ဖက်အဖွဲ့အစည်းကြား နားလည်မှုရှိရှိနဲ့ အဆင်တပြေ ပြေလည်သွားမည်လို့လည်း မျှော်လင့်ရပါတယ်။ ပြေလည်အောင်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။

အဖွဲ့အစည်းတွေကြား ပွတ်တိုက်မှုတွေ မကြာခဏဖြစ်တာ မထူးဆန်းပေမယ့် မလိုအပ်ဘဲ ပွတ်တိုက်တာတော့ မဖြစ်သင့်ပါဘူး။ ဒီလိုမဖြစ်အောင်လည်း ဆင်ခြင်သင့်တာတွေကို အထူးသတိထားရမှာပါ။

အထူးသဖြင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အားလုံးက ၀ိုင်းဝန်းကြိုးစား ပြောင်းလဲနေတဲ့ အချိန်မှာ အတတ်နိုင်ဆုံး ဆင်ခြင်ကြရမှာပါ။  အချင်းချင်း ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံခြင်း၊ အမှန်တရားအတွက် အပြန်အလှန်ကူညီခြင်း မိမိတာဝန်များကိုမိမိကျေပွန်စွာ ထမ်းဆောင်ခြင်းတွေနဲ့ အစစအရာရာနိမ့်ကျနေတဲ့ မြန်မာနိုင်ငံကို အပြောင်းအလဲဖြစ်လာစေဖို့ လုပ်ဆောင်ကြရမယ့်တာဝန်ဟာ  လူတိုင်းမှာရှိနေပါတယ်။

အယ်ဒီတာ

VOM (Voice Of Myanmar)

Related posts

Leave a Comment

VOM News

FREE
VIEW