နိုင်ငံခြားသားခရီးသွားတွေ မိုးကုတ်မြို့ပေါ်အပြင် ကျောက်ပြဿဒ်၊ ပန်လင်နဲ့ ဘားနဒ်ရွာကိုပါ ထပ်တိုးလည်ပတ်နိုင်ပြီ

 

ရန်ကုန် ဖေဖော်ဝါရီ ၅-၂၀၁၉

TGH (VOM)

 

လုံခြုံရေးအခြေအနေတွေကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည် သွားလာခွင့်ကန့်သတ်ထားခဲ့ရတဲ့ မိုးကုတ်မြို့ကို ခုဆိုရင် မြို့တွင်း မြို့ပေါ် အပြင် ကျောက်ပြသာဒ် ၊ပန်လင် ၊ ဘားနဒ်ကျေးရွာတွေကိုပါ ထပ်တိုးခရီးစဉ်အဖြစ် လည်ပတ်နိုင်ပြီလို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။

“ အရင်က ကန့်သတ်နယ်မြေပေါ့ ။နယ်မြေလုံခြုံရေးအရ သွားလာခွင့်ကန့်သတ်ထားတာဖြစ်တယ်။ ဒါပေမယ့် ၂၀၁၈ စက်တင်ဘာမှာ မြို့ပေါ်လည်ပတ်ခွင့်ပြုခဲ့တယ်။ ခုက ထပ်တိုးခွင့်ပြုလိုက်တာပါ။ ဧည့်သည်တွေအနေနဲ့ကလည်း လိုက်နာ ဆောင်ရွက်ရမယ့်အရာရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးနဲ့ ချိတ်ဆက်သွားရမှာဖြစ်ပါတယ်။”ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ပြည်တွင်း ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးကပြောပြပါတယ်။

 

မိုးကုတ်မြို့  နိုင်ငံခြားသားခရီးသွားဧည့်သည် သွားလာလည်ပတ်ခွင့်ကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ပိတ်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှု လုံးဝမရှိတော့တဲ့အပြင်  ပြည်တွင်း ခရီးသွားဝင်ရောက်နှုန်းကလည်း အလွန်နည်းပါးခဲ့ပါတယ်။ ခရီးသွားနည်းပါးမှုနဲ့အတူ  ဒေသခံတွေရဲ့ လူမှုဘ၀ စီးပွားရေးအခြေ နေလည်း လျော့ကျခဲ့ပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကန့်သတ်နယ်မြေစာရင်းကနေပယ်ဖျက်ပြီး ခရီးသွားလာခွင့် ပြုခဲ့တာဖြစ်ပါတယ်။

ခရီးသွားတွေအနေနဲ့ မိုးကုတ်မြို့ကိုသွားမယ်ဆိုရင်  မိုးကုတ်- မန္တလေး -မတ္တရာ – သပိတ်ကျင်း လမ်းဟောင်း ကိုပဲအသုံးပြုရမှာဖြစ်ပြီး ကိုယ်ပိုင်ယာဉ် ဒါမှမဟုတ် အငှားယာဉ် နဲ့ပဲသွားရောက်လို့ရပါတယ်။ တခြား စက်ဘီး ၊မော်တော်ဆိုင်ကယ် နဲ့ ခြေကျင် လမ်းလျှောက်သွားတာမျိုး ခွင့်မပြုထားဘူးလို့ သိရပါတယ်။

နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ မိုးကုတ်ကို ခရီးသွားလာဖို့အတွက် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ၀န်ကြီးဌာန၊ညွှန်ကြားမှုဦးစီးဌာနကို လျှောက်ထားရမှာဖြစ်ပါတယ်။

#voiceofmyanmar#မိုးကုတ်

 

Related posts

Leave a Comment

VOM News

FREE
VIEW