မန္တလေး၊ ဖေဖေါ်ဝါရီ ၅-၂၀၁၉
ဟိန်းကို(VOM)
၂၀၁၃ခုနှစ် အဂတိလိုက်စားရေး ဥပဒေပုဒ်မ ၅၆ နဲ့ တရားစွဲဆိုခံထားရတဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ က တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများဌာန ဌာနမှူး ဒေါက်တာခိုင်စိုးလှကို ဒီကနေ့ နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးကနေ ထောင်ဒဏ်(၃)နှစ် ကျခံစေဖို့ အမိန့်ချခဲ့ပါတယ်။
ဒေါက်တာ ခိုင်စိုးလှဟာ သားသတ်လုပ်ငန်းလုပ်ကိုင်တဲ့ ဦးမျိုးခက်ဆီက ၂၀၁၇ သြဂုတ်လ ၁၁ ရက်နေ့တုန်းက ကျပ်ငါးသိန်း၊ ၂၀၁၇ သြဂုတ်လ ၁၉ ရက်နေ့မှာ ကျပ် ဆယ်သိန်း၊ ဦးဘိုဘိုဟန်ဆီကနေ ၂၀၁၇ ခုနျစ် မေလဆန်းမှာ ကျပ်သိန်း လေးဆယ်တို့ကို ရယူခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ကြေညာချက်တွေမှာတွေ့ရပါတယ်။
အဲဒီကိစ္စကြောင့် ဒေါက်တာခိုင်စိုးလှကို ရာဇဝတ်ကြီးအမှုအမှတ် ၆/၂၀၁၇၊၇/၂၀၁၇တို့နဲ့ ၂၀၁၇ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ တိုင်ကြားချက်အရ နေပြည်တော် ဇမ္ဗူသီရိ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။
၂၀၁၈ခုနှစ် ဇွန်(၁၂)ရက်နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ကနေ ၂၀၁၃ခုနှစ် အဂတိလိုက်စားရေး ဥပဒေပုဒ်မ ၅၆နဲ့ စွဲချက်တင်စစ်ဆေးခဲ့ပါတယ်။
တိရစ္ဆာန်ကုသရေးနှင့်သားသတ်ရုံများဌာနမှဌာနမှူးဒေါက်တာခိုင်စိုးလှဟာ နိုင်ငံ့ဝန်ထမ်းလုပ်ပိုင်ခွင့်ရှိသူများအနေနဲ့ လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစာပြုပြီး ငွေကြေးရယူခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၆ နဲ့ ထောင်ဒဏ်(၃)ချမှတ်ခံရခြင်း ဖြစ်ပါတယ်။
ဒေါက်တာခိုင်စိုးလှနဲ့အမှုတွဲတူ ဈေးများဌာနမှူး ဦးမင်းလွင်စိုးကိုဆွဲဆိုထားတဲ့အမှုကိုတော့ နောက်ရုံးချိန်းတွေမှာ စီရင်ချက်ချမှတ်ဖွယ်ရှိပါတယ်။
#voiceofmyanmar#အဂတိလိုက်စားမှုနဲ့တရားစွဲခံရတဲ့#နေပြည်တော်စည်ပင်ကဌာနမှူးကိုထောင်ဒဏ်(၃)နှစ်ချမှတ်#