အုပ်ချုပ်သူတွေအနေနဲ့ ပြည်သူနဲ့ဆက်ဆံတဲ့နေရာ ပွင့်လင်းဖြောင့်မတ်တဲ့ ဆက်ဆံရေးလိုအပ်

ရန်ကုန် ဖေဖော်ဝါရီ ၆-၂၀၁၉

TGH (VOM)

ပြည်နယ်အစိုးရအနေနဲ့ အခွင့်အရေးတော့လိုချင်ပြီး တာဝန်တွေကိုတော့မထမ်းဆောင်နိုင်ဘူးဆိုတဲ့ အနေအထားမျိုးဆိုရင် နိုင်ငံတိုးတက်မှာမဟုတ်တဲ့အတွက် အုပ်ချုပ်ရေးတာဝန်ယူထားတဲ့အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအကြား ပိုပြီးနီးကပ်ပွင်းလင်း ဖြောင့်မတ်တဲ့ဆက်ဆံရေးမျိုး လိုအပ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်ခဲ့တဲ့ ကျိုင်းတုံမြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ ရှမ်းပြည်နယ်ကိုရောက်တဲ့အခါ သတိထားမိတာတစ်ခုရှိတယ်၊ ဒါက ပြည်နယ်အစိုးရနဲ့ ပြည်သူလူထုအကြားမှာရှိသင့်သလောက် ဆက်သွယ်မှုမရှိဘူး၊ ပိုပြီးတော့ ဒီထက်နီးနီးကပ်ကပ် ဆက် သွယ်မှုရှိဖို့လိုတယ်၊ ခုဆို ကျွန်မတို့ကိုတင်ပြတဲ့ ကိစ္စတော်တော်များများက ပြည်နယ်အစိုးရက ရှင်းပြရမယ့်ကိစ္စပဲ၊ မြို့တွင်းမှာဖြစ်ပေါ်နေတဲ့ကိစ္စမျိုးတောင် ဗဟိုအစိုးရလာမှဖြေရှင်းပေးရမယ်ဆိုတာ မသင့်တော်ပါဘူး၊ မြို့နယ်မှာတာဝန်ရှိသူတွေက ရှင်းပြရမယ့်ကိစ္စပဲ၊ ကျွန်မတို့ဗဟိုကနေ ရှင်းပြရမဲ့ကိစ္စမျိုးမဟုတ်ဘူး၊ ပြည်နယ်တွေမှာ အခွင့်အရေးလည်းရှိသလို တာဝန်တွေလည်းရှိတယ်၊ အခွင့်အရေး တော့လိုချင်ပြီး တာဝန်တော့မထမ်းဆောင်နိုင်ဘူးဆိုတဲ့ အနေအထားမျိုးဆိုရင်တော့ ကျွန်မတို့နိုင်ငံက တိုးတက်မှာမဟုတ်ဘူး”လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့ပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ ပြည်သူလူထုအကြား ရှိသင့်တဲ့ဆက်သွယ်ရေး ၊ ရင်းနှီးထိတွေ့မှု မရှိတဲ့အပေါ် အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပြီး ပြည်သူလူထုအနေနဲ့လည်း ပွင့်ပွင့်လင်းလင်း၊ ရဲရဲရင့်ရင့်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ၊ ပြည်နယ်တာဝန်ခံတွေနဲ့ ဆွေးနွေးဖို့လိုသလို ပြည်နယ်နဲ့မြို့မှာ ရှိတဲ့ တာဝန်ခံ ပုဂ္ဂိုလ်​တွေကလည်း ပြည်သူလူထုသိချင်တာ ၊ ဖြစ်ချင်တာတွေကို ဆွေးနွေးအဖြေရှောပေးရမှာ ဖြစ်ပါတယ်။

လိုအပ်ပါက ပြည်နယ်အစိုးရကိုယ်တိုင် ဖြေရှင်းပေးရမယ်လို့လည်းတိုက်တွန်း ပြောကြားခဲ့ပြီး ဒါ့အပြင်ယနေ့မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဖြစ်ဖို့ဦးတည်နေတာဖြစ်လို့ မလုပ်ပေးနိုင်တာကို လုပ်ပေးပါ့မယ်လို့လည်း အုပ်ချုပ်ရေးပိုင်းက ဘယ်တော့မှမပြောပါနဲ့ ၊ ပြည်သူထူထုအနေနဲ့လည်း နားလည်မှုပေးနိုင်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။

“တစ်ခါတစ်လေ ပိုက်ဆံမရှိတဲ့အခါ ကျွန်မတို့ မလုပ်ပေးနိုင်တာရှိတယ်၊ ဒီလိုအချိန် ပြည်သူလူထုက အတင်းအကျပ်လုပ်ပေးရမယ်လို့ပြော ဘယ်လိုမှရတာကတော့ နှစ်ဖက်လုံးအတွက် အဆင်မပြေသလို အကျိုးမရှိဘူး၊ နှစ်ဦးနှစ်ဖက်နားလည်ဖို့လိုတယ်၊ နားလည်မှုဆိုတာယုံကြည်မှုပေါ်မှာ အခြေခံတယ်၊ ယုံကြည်မှုဆိုတာလည်း နားလည်မှုအပေါ်မှာ အခြေခံတယ်၊ အပြန်အလှန်ပါပဲ၊ တစ်ယောက်နဲ့တစ်ယောက် နားမလည်ပဲယုံကြည်ဖို့ဆိုတာလည်း မလွယ်ပါဘူး နားလည်ဖို့လိုတယ်၊ အဓိကကတော့ အုပ်ချုပ်ရေးပိုင်းတွေအနေနဲ့ ပြည်သူထုအကြား ဆက်သွယ်ရေးပိုနီးကပ်ပါ၊ ထိတွေ့ပါ ၊ ဖြောင့်မတ်တဲ့ဆက်ဆံရေးမျိုးရှိဖို့လိုအပ်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

#voiceofmyanmar#ရန်ကုန်#အုပ်ချုပ်သူတွေအနေနဲ့ပြည်သူနဲ့ဆက်ဆံတဲ့နေရာပွင့်လင်းဖြောင့်မတ်တဲ့ဆက်ဆံရေးလို#

Photo-Myanmar State Counsellor Office

Related posts

Leave a Comment

VOM News

FREE
VIEW