ပြေးရင်းလွှားရင်း စစ်ဘေးရှောင်ကျောင်းသား ၈၀၀ ကျော် စာမေးပွဲဖြေဆို

စစ်တွေ၊ ဖေဖော်ဝါရီ ၆-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ စာမေးပွဲဖြေဆိုသူကျောင်းသူကျောင်းသားဦးရေ ၈၅၉ ယောက်ရှိနေပါတယ်။

အဲဒီ စစ်ဘေးရှောင်ကျောင်းသူကျောင်းသား ၈၅၉ ယောက်တို့ဟာ လက်ရှိခိုလှုံနေကြတဲ့ ကျောက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေက စစ်ရှောင်စခန်းတွေရှိတဲ့ သက်ဆိုင်ရာအခြေခံပညာကျောင်းတွေမှာ ဖြေဆိုနေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။

“စစ်ဘေးရှောင်ကလေးငယ် တွေကို အခုသူတို့နေထိုင်နေကြတဲ့ စခန်းတွေမှာပဲ စာမေးပွဲစစ်ဆေးနေပါတယ်။ ကျောင်းသားဦးရေကတော့ ၈၆၂ ယောက်မှာ ဆယ်တန်းပြင်ပဖြေဆိုမယ့်ကျောင်းသား သုံးယောက်က ရွာကိုပြန်သွားပါပြီ။ လက်ရှိစာမေးပွဲဖြေဆိုနေတာက ၈၅၉ ယောက်ရှိပါတယ်။”လို့ လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။

ဒါ့အပြင် အဲဒီကျောင်းသာားတွေကို ပညာရေးဌာနကနေ ပညာသင်ကြားမှုအဆက်မပြတ်စေရေးအတွက် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားခွင့်ပေးထားခဲ့ပြီး အခုစာမေးပွဲကိုလည်း သက်ဆိုင်ရာကျောင်းတွေက ပြုလုပ်တဲ့မေးခွန်းတွေနဲ့ပဲ ဖြေဆိုနေကြတာဖြစ်ပါတယ်။

“ဒီကျောင်းသားတွေက သူတို့ရဲ့ရွာတွေကိုပြန်သွားဖို့အခက်အခဲတွေရှိတယ်။ နောက်ပြီးတော့ မူလကျောင်းရဲ့ တွဲထားတဲ့ကျောင်းတွေကနေ မေးခွန်းယူဖို့အဆင်ပြေရင် ယူပြီးတော့ စစ်ဆေးပါ။ အဆင်မပြေရင်တော့ အခုရောက်နေတဲ့ကျောင်းတွေက မေးခွန်းတွေနဲ့ပဲ စစ်ဆေးဖို့အတွက် ညွှန်ကြားထားပါတယ်။”လို့ ဦးစိန်ထွန်းလှက ပြောတယ်။

အခုလ ၄ ရက်နေ့ကစတင်ပြီးတော့ မူလတန်းအဆင့်မှာ KG တန်းကနေ တတိယတန်းထိ အလယ်တန်းအဆင့်မှာ ပဉ္စမတန်းကနေ သတ္တမတန်းထိ စာမေးပွဲစစ်ဆေးနေခြင်းဖြစ်ပြီး ကျောင်းသားအားလုံး အခက်အခဲမရှိစေရေးအတွက် ပညာရေးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြောင်း ဆက်လက်ပြောကြားပါတယ်။

#voiceofmyanmr#ရခိုင်စစ်ဘေးရှောင်ကျောင်းသားများစာမေးပွဲဖြေ

Related posts

✕
VOM News

FREE
VIEW