ပြည်ဝင်ဗီဇာနဲ့မကိုက်ညီပဲ လုပ်ငန်းလုပ်ကိုင်တဲ့နိုင်ငံခြားသားတွေကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုအရ ပြည်နှင်ဒဏ်ပေးပြီး အမည်မည်းစာရင်းသွင်းမယ်

ရန်ကုန် ဖေဖော်ဝါရီ ၆-၂၀၁၉

TGH (VOM)

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ်၈လအတွင်း တရားမဝင်အထောက်အထားမဲ့ နေထိုင်ခြင်း ၊ဗီဇာရက် လွန်နေခြင်း၊ လူခိုးသွင်းခြင်း အပါအ၀င် နိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့ ပြစ်မှု ၊ပြစ်ဒဏ်ပေါင်း ၅၀ ကျော်ရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က  ပြောပါတယ်။

ဒီပြစ်မှုတွေထဲမှာ တရားမဝင်အထောက်အထားမဲ့နေထိုင်သူ  ၊ လဝကအက်ဥပဒေ ၃(၁)/၁၃(၁)မှာ (၃၅)မှု၊ ဗီဇာစည်းကမ်း ဖောက်ဖျက်မှု၊ လဝက အက်ဥပဒေ ၄(၂)/၁၃(၁) မှာ (၁)မှု၊ ရောက်ရှိနေထိုင်ကြောင်း Form – C တိုင်ကြားရန်ပျက်ကွက်မှုင်း ၊ နမတ နည်းဥပဒေ ၁၄(၆)/နမတ အက်ဥပဒေ ၅(၁)မှာ (၁၀)မှုကို ၂၀၁၈ မေလကနေ ဒီဇင်ဘာလအတွင်းမှာ အရေးယူခဲ့တာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအ ဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“တရားမဝင်အထောက်အထားမဲ့ နေထိုင်သူတွေကို နိုင်ငံတကာကဲ့သို့ နှစ်စဉ် စီမံချက်နဲ့ ဆောင်ရွက်မှုမရှိပေမယ့် တရားမဝင် ဝင်ရောက်နေထိုင်ကြောင်း စိစစ်တွေ့ရှိချက်အပေါ်မှာတော့ နေ့စဉ် အရေးယူဆောင်ရွက်လျက်နေပါတယ်။ နိုင်ငံခြားသားတွေနဲ့ပတ်သက်လို့ နိုင်ငံတော်လုံခြုံရေးကို ထိပါးမှုမရှိဖို့ ၊ တရားဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ဖို့နဲ့ စိစစ်ကြီးကြပ်နိုင်ဖို့အတွက် ဒုတိယသမ္မတ (၁)ဥက္ကဋ္ဌ အဖြစ်ပါဝင်တဲ့  နိုင်ငံခြားသားများကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ (၆)ခုဖွဲ့ထားပါတယ်။ တည်ဆဲလဝက အက်ဥပဒေနဲ့ အရေးယူပြီး ပြည်နှင်ခြင်းနဲ့ အမည်မည်းစာရင်းရေးသွင်းတာကိုလုပ်ပါတယ်။”လို့ ဦးဇော်အေးမောင်ကဆိုပါတယ်။

လက်ရှိမှာ  နိုင်ငံခြားသားတွေကို ပြည်ဝင်ဗီဇာ(၁၄)မျိုးနဲ့ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုထားသဖြင့် နိုင်ငံခြားသားတွေအနေနဲ့လည်း အထက်ပါပြည်ဝင် ဗီဇာ(၁၄)မျိုးထဲမှ ပြည်ဝင်ဗီဇာတစ်မျိုးမျိုးနဲ့သာ  နည်းလမ်းတကျဝင်ရောက်ရမှာဖြစ်ပါတယ်။ ၀င်ရောက်တဲ့အခါမှာလည်း ဗီဇာအမျိုးအစားနဲ့သက်ဆိုင်တဲ့ လုပ်ငန်းကိုသာ ဆောင်ရွက်ရမှာဖြစ်ပြီး ပြည်ဝင်ဗီဇာနဲ့မကိုက်ညီတဲ့လုပ်ငန်းတွေလုပ်ကိုင်မယ်ဆို၇င် တည်ဆဲလ၀ကအက်ဥပဒေ ပုဒ်မ ၄ (၂)ဗီဇာစည်းကမ်းဖောက်ဖျက်မှုအရ ပြည်နှင်ခြင်း ၊ အမည်မည်းစာရင်း ရေးသွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

၁၉၄၈ခုနှစ် နိုင်ငံခြားသားမှတ်ပုံတင်ရေးနည်းဥပဒေ အပိုဒ်၁၄(၆)မှာလည်း  “ ဟိုတယ် ပိုင်ရှင်အနေဖြင့် ပုံစံ “ ဂ ” တစ်ခုကို (၂၄)နာရီထက် နောက်မကျစေဘဲ မြန်နိုင်သမျှ မြန်အောင် မှတ်ပုံတင်အရာရှိထံ ပေးပို့ရမယ်”လို့ ပြဌာန်းထားတာကြောင့်  မြို့အတွင်း နိုင်ငံခြားသားဧည့်သည် ရောက်ရှိ လာပါက ဟိုတယ်/မိုတယ်/ တည်းခိုခန်းမန်နေဂျာ ဒါမှမဟုတ်  အိမ်ရှင် နိုင်ငံခြားသားကိုယ်တိုင် သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးကို (၂၄)နာရီအတွင်းရောက်ရှိနေထိုင်ကြောင်း၊ Form-C ပုံစံ (ဂ)ကို တိုင်ကြားရမယ်လို့ဆိုပါတယ်။ အကယ်လို့ တိုင်ကြားဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင်  ၁၉၄၀ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ – ၅ (၁)အရလည်း  တရားစွဲဆိုပြီး ပြည်နှင်ခြင်းနဲ့ အမည်မည်း စာရင်းရေးသွင်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

#voiceofmyanmar#ဦးဇော်အေးမောင်#ဗီဇာစည်းကမ်းချိုးဖေါက်ရင်အရေးယူမယ်

Related posts

Leave a Comment

VOM News

FREE
VIEW