ဝါးတောင်စခန်းမှ စစ်ဘေးရှောင်ကလေးငယ်တွေ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားနေ

ဖေဖော်ဝါရီ ၉-၂၀၁၉
ခိုင်လင်းစံ(VOM)

ကျောက်တော်မြို့နယ်အတွင်းက စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေထဲက ၀ါးတောင်ကယ်ဆယ်ရေးစခန်းမှာ ကလေးငယ် ၇၀ကျော်ဟာ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေပါတယ်။

အဲဒီရောဂါဖြစ်ပွားမှုမှာ ပြီးခဲ့တဲ့နှစ်ပတ်လောက်အတွင်းကနေ အပြင်းအထန်ဖြစ်ပွားလာနေကြတာဖြစ်ပြီး တချို့တို့မှာ ဆေးရုံတက်ကုသရတဲ့အခြေအနေထိ ဖြစ်ပွားနေတယ်လို့ ထောက်ပံ့ကူညီပေးရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

“ကလေးတွေက သူတို့လာကတည်းကနေ ဒီဝမ်းလျှောဝမ်းပျက်ဖြစ်နေသူတွေပါလာတယ်။ ဒါပေမယ့် သိပ်များများစားစားတော့မဟုတ်ဘူး။ ဆေးတွေဘာတွေတိုက်လိုက်ရင်ကောင်းသွားတယ်။ အခု လွန်ခဲ့တဲ့နှစ်ပတ်လောက်ကနေစပြီးတော့ ပြင်းပြင်းထန်ထန်ဖြစ်လာနေတယ်။ လောလောဆယ်မှာတော့ ရောဂါဖြစ်နေတာ ၇၀ လောက်ထိရှိနေတယ်လို့ သိရပါတယ်။”လို့ ရခိုင်တိုင်းရင်းသားလူမျိုးများအစည်းအရုံး REC က ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

အဲဒီရောဂါဟာ သာမန်ဖြစ်ပွားနေခြင်းမျိုးမဟုတ်ဘဲ ကူးစက်ရောဂါတစ်ခုအဖြစ်ပြောင်းလဲလာနေတာကြောင့် စိုးရိမ်ရတဲ့အနေအထားရှိနေတယ်လို့ ပြောပါတယ်။

“စခန်းတွေကို ICRC တို့က ကျန်းမာရေးအတွက် အကူအညီတွေပေးနေပေမယ့် ကျန်းမာရေးအသိနည်းတာတွေကြောင့် အခုလိုဖြစ်တာပါ။ ရောဂါဖြစ်ရတဲ့အချက်ကတော့ သုံးချက်ရှိတယ်လို့မြင်ပါတယ်။ သောက်သုံးရေမသန့်တာပါတယ်။ အိမ်သာတွေကို စနစ်တကျမသုံးတတ်တာပါတယ်။ ကျန်းမာရေးပညာပေးမှုတွေကို လိုက်နာမှုနည်းပါးတာပါတယ်။ အရင်ကဒီလိုနေခဲ့ကြပေမယ့် အခုက လူအများနဲ့နေတာဆိုတော့ ရောဂါတွေကူးစက်နိုင်တာပေါ့။ နောက်ပြီးတော့ ၀က်သက်တို့၊ ကျောက်တို့လို ရောဂါဖြစ်နေတဲ့ကလေးငယ်တွေလည်းရှိနေပါတယ်။”လို့ ဆက်လက်ပြောကြားပါတယ်။

ဝါးတောင်ကယ်ဆယ်ရေးစခန်းဟာ လက်ရှိရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေထဲမှာ အကြီးဆုံးစခန်းတစ်ခုဖြစ်ပြီးတော့ ကျေးရွာ ၈ ရွာက အိမ်ထောင်စုပေါင်း ၂၁၉ စု၊ လူဦးရေ ၁၂၀၀ နီးပါးနေထိုင်နေတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်ပါတယ်။

#voiceofmyanmar#ဝမ်းပျက်ဝမ်းလျှော#ကျောက်တော်

 

Related posts

Leave a Comment

VOM News

FREE
VIEW