ဘင်္ဂါလီအရေးမှာ မြန်မာတပ်မတော်ကို အိုင်စီစီက တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ တပ်ချုပ်ပယ်ချ

တိုကျို၊ ဖေဖော်ဝါရီ-၁၆

မျိုးဆက် (VOM)

 

ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးမှာ  မြန်မာတပ်မတော်က အစီအစဉ်တကျ ဖိနှိပ် ကိုင်တွယ်တာတွေ မရှိကြောင်းနဲ့ တပ်မတော်ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေကို နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး က တရားစီရင်ပိုင်ခွင့်ရှိ တယ်ဆိုတဲ့ ပြောဆိုမှုတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပယ်ချလိုက်ပါတယ်။

 

မြန်မာနိုင်ငံဟာ အိုင်စီစီအဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့ ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် အိုင်စီစီက တရားစီရင်မယ့်ကိစ္စကို မြန်မာနိုင်ငံက လုံးဝလက်ခံမှာမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့် ဘယ်လိုညွှန်ကြားချက်မျိုးကိုမဆို မိမိတို့ လက်ခံမှာမဟုတ်ဘူးလို့ ၎င်းက ပြောပါတယ်။

 

ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်မှာ ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်းသတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ယင်းသို့ ပြောဆိုခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးပြီးနောက် ပထမဆုံး အသေးစိတ်ကျတဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။

 

ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာမှာ  တပ်မတော်ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေဟာ လူမျိုးဖြုတ်သတ်ဖြတ်မှု ရည်ရွယ်ချက်မျိုးပါတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့  အချက်အလက် ရှာဖွေရေးအဖွဲ့က ၂၀၁၈ ခုနှစ်အတွင်း စွပ်စွဲထားပြီး ဒီအတွက် တာဝန်ခံရမယ်လို့လည်းဆိုပါတယ်။

 

တိကျတဲ့သက်သေမရှိဘဲ့ ဒီလို စွပ်စွဲမှုတွေဟာ  မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို စော်ကားတဲ့ စွပ်စွဲချက်တွေဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပြီး ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ဝင်ရောက်သွားတဲ့ ဘင်္ဂါလီအရေအတွက်နဲ့ ၎င်းတို့ရဲ့ ရည်ရွယ်ချက်ကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

 

ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ကိုသွားရောက်တာဟာ ဆွေမျိုးတွေနဲ့ အတူနေချင်တာ ဒါမှမဟုတ် တတိယနိုင်ငံတစ်ခုကို သွားချင်လို့ ဖြစ်နိုင်ကြောင်း ၎င်းက ပြောပြီး ဘင်္ဂါလီတွေရဲ့  ပြောစကားတွေက  အကုန်တူညီနေပြီး တစ်ယောက်ယောက်က သင်ကြားပေးထားတဲ့ အတိုင်းဖြစ်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။

 

Ref : CNA

Related posts

Leave a Comment

VOM News

FREE
VIEW