ညောင်သပြေကျေးရွာ ရာအိမ်မှူး နဲ့ ဆယ်အိမ်မှူး တွေကိုထုတ်ပေးဖို့ ရွာသားတွေ ဆန္ဒထုတ်ဖော်

မော်လိုက် ဧပြီ ၈-၂၀၁၉

မိုင်ချယ်ရီ(VOM)

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ညောင်သပြေကျေးရွာ က ကျေးရွာသူ ကျေးရွာသားတွေ စုပေါင်းပြီးတော့ ကျေးရွာက ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတို့ကို အလုပ်ကနေ ထုတ်ပယ်ပေးရေး မော်လိုက်မြို့ပေါ်မှာ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်တာကို ညောင်သပြေကျေးရွာက ကျေးရွာသူ ကျေးရွာသား (၁၇) ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး နံနက် ၉ နာရီ ကနေ ၁၀ နာရီအထိ ပြုလုပ်ခဲ့ကြတာပါ။ဆန္ဒထုတ်ဖော်ရာမှာ “အခုလက်ရှိ ရာအိမ်မှူး နဲ့ ဆယ်အိမ်မှူးများ ထုတ်ပယ်ပေးရေး ဒို့အရေး ဒို့အရေး ၊ယခုအဖွဲ့ကို ရွာကျဉ်ထားတာ ဖျက်သိမ်းပေးရေး ဒို့အရေး ဒို့အရေး ၊မြေနုကျွန်းကို ရာသီမီအောင် အချိန်မီ ဝေငှပေးရေး ဒို့အရေး ဒို့အရေး နဲ့ မြေနုကျွန်းကို လယ်ယာမဲ့များကို သာ ချထားပေးရေး ဒို့အရေး ဒို့အရေး” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ကြွေးကြော်ပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ဆန္ဒထုတ်ဖော်တာနဲ့ ပတ်သတ်လို့ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်တဲ့ ဦးထွန်းထွန်းဝင်း က “မြေနုကျွန်းမှာ စိုက်ပျိုးရေး လုပ်ကိုင်ဖို့ နှစ်စဉ် လယ်ယာမရှိတဲ့သူတွေကို ပေးပြီး လုပ်ကိုင်စေခဲ့တာ။အခု ရာအိမ်မှူး ဆယ်အိမ်မှူးတွေ လက်ထက်ကျတော့ လယ်ယာရှိတဲ့ သူတွေကို မြေနုကျွန်းမှာ လုပ်စေဆိုပြီး ပေးတယ်။အဲ့ဒီတော့ ကျွန်တော်တို့က မလုပ်စေချင်ဘူး ကျွန်တော်တို့ပဲ လုပ်မယ်ဆိုပြီး လုပ်တော့ ကျွန်တော်တို့ကို ရွာရဲ့ သာရေး နာရေးတွေမှာ ၀င်မပါနဲ့ ဆိုပြီး ရွာကနေ ကျဉ်ထားလို့ ဆန္ဒထုတ်ဖော်တာပါ” လို့ ပြောပါတယ်။

ညောင်သပြေကျေးရွာ ဆိုတာ ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး နှစ်တိုင်း မြစ်ရေကျချိန် ရွာအနီး မြစ်လယ်မှာ သောင်ပြင်ကြီး ဖြစ်ပေါ်နေချိန်မှာ အဲ့ဒီ သောင်ပြင်ပေါ်မှာ သီးနှံတွေ စိုက်ပျိုးဖို့ လယ်ယာ မရှိတဲ့သူတွေကို စိုက်ပျိုးဖို့ နှစ်စဉ် စိုက်ခွင့်ပေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ ရာအိမ်မှူး ဆယ်အိမ်မှူး လက်ထက်မှာတော့ တစ်နှစ်ပတ်လုံး လုပ်ကိုင်နိုင်တဲ့ ကိုယ်ပိုင်လယ်ယာရှိသူတွေကိုပါ မြေနုကျွန်းမှာ စိုက်ပျိုးဖို့ မြေနေရာ ခွဲဝေပေးတာ စိုက်ပျိုးရာသီထက် နောက်ကျပြီး မှ စိုက်ပျိုးဖို့ ခွင့်ပြုတာ တွေ ကြောင့် ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျေးရွာသူကျေးရွာသားတွေက လိုလားနေကြတာ ဖြစ်ပါတယ်။

 

#voiceofmyanmar #ဆန္ဒပြ #မော်လိုက် #ညောင်သပြေ

 

Related posts

Leave a Comment

VOM News

FREE
VIEW