အကျဉ်းစံ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ မိသားစုနဲ့တွေ့ခွင့်ရရှိ

စစ်တွေ၊ ဧပြီ ၉-၂၀၁၉

ခိုင်လင်းစံ(VOM)

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အကျဉ်းထောင်ကနေ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့သွားတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို မနေ့ ဧပြီ ၈ ရက်နေ့မှာ မိသားစုတွေ တွေ့ဆုံခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

 

သူတို့နှစ်ဦးဟာ နိုင်ငံတော်ပုန်ကုန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မတွေနဲ့ စစ်တွေခရိုင်တရားရုံးကနေ ပြစ်ဒဏ်နှစ် ၂၀ စီချမှတ်ထားတာဖြစ်ပြီး ဧပြီလ ၆ ရက်နေ့မှာ စစ်တွေထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။

 

“ကျွန်တော်တို့က ထောင်ပြောင်းသွားတဲ့အချိန်မှာ အသိမပေးခဲ့တဲ့အတွက် မသိလိုက်ဘူး။ ပြောင်းသွားပြီးမှ သတင်းကြားတာပါ။ ၈ ရက်နေ့မှာတော့ သူတို့နဲ့ မိသားစုတွေကိုတွေ့ခွင့်ပေလို့ တွေ့ခဲ့ရတယ်။ မနေ့က တွေ့ခဲ့ပါတယ်။”လို့ စာရေးဆရာဝေဟင်အောင်ရဲ့အစ်ကို ဦးသိန်းဝင်းကပြောပါတယ်။

 

မိသားစုတွေအနေနဲ့ ထောင်ပြောင်းရွှေ့လိုက်တဲ့နောက်ပိုင်းမှာ တွေ့ခွင့်ရရှိကြပေမယ့် တခြားဝေးလံတဲ့နေရာတွေကို ထပ်မံပြောင်းရွှေ့ခြင်းခံရမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

 

“မနေ့ကတွေ့တဲ့အချိန်မှာတော့ နေရတာတွေလည်းအဆင်ပြေတယ်လို့ပြောပါတယ်။ နှစ်ယောက်စလုံးကတော့ ကျန်းမာရေးလည်းကောင်းကြပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သူတို့တွေကို သွားလာရေးခက်ခဲပြီး ဝေးတဲ့နေရာတွေကိုပြောင်းရွှေ့ပစ်မှာကို စိုးရိမ်ပါတယ်။”လို့ ဦးသိန်းဝင်းကပြောပါတယ်။

 

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရသေ့တောင်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ စကားအသုံးအနှုံးတွေနဲ့ပတ်သက်ပြီး မတရားအသင်းဆက်သွယ်မှု အပါအဝင် ပုဒ်မသုံးခုနဲ့ တရားစွဲဆိုခံခဲ့ရပြီး ၁ နှစ်ကျော်မှုရင်ဆိုင်ခဲ့ရကာ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မတွေနဲ့ ပြစ်ဒဏ် နှစ် ၂၀ စီ ကျခံနေကြရတာဖြစ်ပါတယ်။

 

#voiceofmyanmar #ဒေါက်တာအေးမောင်  #စာရေးဆရာဝေဟင်အောင် #ထောင်ဝင်စာတွေ့ခွင့်ရ

 

Related posts

Leave a Comment

VOM News

FREE
VIEW