အလုပ်ရပ်စဲတာကို နစ်နာကြေးမပေးတဲ့အတွက် အလုပ်သမားများက ပိုင်ရှင်ကို တရားစွဲ

စစ်ကိုင်း၊မေ ၁၃-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

 

အလုပ်ရပ်စဲတာကို နစ်နာကြေးမပေးတဲ့အတွက် စစ်ကိုင်းစက်မှုဇုန်၊ ရွှေအင်းဝ သံရည်ကျိုစက်ရုံပိုင်ရှင်ကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ အလုပ်သမားများက တရားစွဲဆိုခဲ့ပါတယ်။

 

စစ်ကိုင်းစက်မှုဇုန် ရွှေအင်းဝသံရည်ကျိုစက်ရုံပိုင်ရှင်က စက်ရုံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမားများကို ကြိုတင်အကြောင်းကြားစာ (နို့တစ်စာ) ထုတ်ပြန်ခြင်းမရှိဘဲ အခုနှစ်မတ်လ ၃၀ မှာစက်ရုံကိုပိတ်သိမ်းခဲ့ပြီး စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက်စက်ရုံအလုပ်သမား ၉ဦးက အလုပ်သမားရပိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးခဲ့တာအပေါ် စက်ရုံပိုင်ရှင်ကိုအခုလ မေ ၁၃မှာ တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲခဲ့တာဖြစ်ပါတယ်။

 

” ဒီစက်ရုံမှာလုပ်နေတာ သုံးနှစ်ကျော်ပါပြီ။ စက်ရုံပိတ်တော့မယ်လို့ အသံကြားတော့ ကျွန်တော်တို့က ပိုင်ရှင်ကိုမေးပါတယ်။ ပိတ်ရင်လည်းကြိုပြောပါလို့။ ဒါကို ဘာမှ ကြိုတင်အကြောင်းကြားစာ မပို့ပဲ ပိတ်ခဲ့တယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဆုံးရှုံးလို့ မြို့နယ်အလုပ်သမားရုံးကို တင်ပြခဲ့တယ်။ အလုပ်သမားရုံးက နှစ်ကြိမ် ညှိနိုင်းပေးပါတယ်။ ပထမတစ်ကြိမ် အလုပ်သမား ၉ယောက်အတွက် နစ်နာလျော်ကြေး ၆၄သိန်းတောင်းတယ်။ မရလို့ ကျွန်တော်တို့က လျော့ပြီးဒုတိယအကြိမ် ၃၈သိန်းနဲ့ညှိနိုင်းကြတယ်။ ဒါကိုအလုပ်ရှင်ကမပေးပဲ အားလုံးအတွက် ၁၂သိန်းပဲ ပေးမယ်ပြောတယ်။ ဒါကို ကျွန်တော်တို့ မကျေနပ်လို့ တိုင်း ခုံသမာဓိကို ထပ်တင်တယ်။ တိုင်းရုံးက စာပြန်လာလို့ အလုပ်ရှင်နေထိုင်တဲ့ မြို့နယ်က တရားရုံးမှာ တရားစွဲဆိုရတာပါ။ အလုပ်သမား ၉ဦးစလုံးက စွဲတာပါ။ တရားရုံးကို ဒီနေ့အမှုတွဲတင်ပါတယ် ဒီအပတ်ကြာသာပတေးနေ့မှ ဘယ်ပုဒ်မနဲ့ စွဲတင်ရမယ်ဆိုတာ သိရမှာပါ” လို့တရားစွဲတဲ့ အလုပ်သမား ကိုထွန်းနေဝင်းက ပြောပါတယ်။

 

 

အလုပ်သမား ၉ဦးက စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက် နို့တစ်ကြေးတစ်လစာ၊ အလုပ်ရပ်စဲမှုနစ်နာကြေး၊ လုပ်သက်ခွင့်နစ်နာကြေး များကိုစက်ရုံပိုင်ရှင်ဖြစ်သူ ဒေါ်ခင်စန်းရီ ထံတောင်းဆိုခဲ့ကာ ရရှိခဲ့ခြင်းမရှိတဲ့အတွက် စစ်ကိုင်းမြို့နယ် အလုပ်သမား ညှိနိုင်းဖြန်ဖြေရေးအဖွဲ့ထံကို တိုင်ကြားခဲ့ကာ ညှိနိုင်းဖြန်ဖြေရေးအဖွဲ့က အလုပ်ရှင်၊ အလုပ်သမား များအား ညှိနိုင်းပေးခဲ့သော်လည်း ပြေလည်မှု မရှိခဲ့ပါဘူး။

 

အလုပ်သမားတွေက စစ်ကိုင်းတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ထံ အမှုတွဲအားတင်ပြခဲ့ချိန်မှာ ခုံသမာဓိအဖွဲ့က နေပြည်တော် ခုံသမာဓိကောင်စီ ညွှန်ကြားချက်နဲ့အညီ တစ်ဦးခြင်း အငြင်းပွားမှုဖြစ်တဲ့အတွက် ကြားနာစစ်ဆေးခြင်းမပြုဘဲ အမှုတွဲကို မြို့နယ်ညှိနိုင်းဖြန်ဖြေရေးအဖွဲ့ထံ ပြန်လည်ပေးပို့ခဲ့ပါတယ်။

 

မြို့နယ်ညှိနိုင်းဖြန်ဖြေရေးအဖွဲ့မှ ဧပြီ ၂၉မှာ အလုပ်သမားများကိုတရားရုံးသို့ ဦးတိုက်လျောက်ထား တရားစွဲဖို့ အကြောင်းကြားစာ ပို့ခဲ့တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW