မြောက်ဦးနဲ့ကျောက်တော်မြို့နယ်အတွင်းတိုက်ပွဲဖြစ် အမျိုးသမီးတစ်ဦး ကျည်ထိ

မြောက်ဦး၊ မေ ၁၄-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ မနေ့က ညနေပိုင်းကစတင်ပြီးတော့ ဒီကနေ့မနက်ပိုင်း အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

 

အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာအနီးနဲ့ ကျောက်တော်-ပလက်ဝလမ်းပိုင်း ဖောက်လုပ်ထားတဲ့ မင်းသာဆည်အနီးဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

“တိုက်ပွဲကတော့ မနေ့ကညနေ ၈ နာရီလောက်ကဖြစ်ပါတယ်။ မိနစ် ၂၀ လောက်တော့ လက်နက်ငယ်ပစ်သံတွေကိုကြား ရတယ်။ နောက်ပိုင်းမှာတော့ လက်နက်ကြီးအမြောက်တွေပစ်ခတ်တယ်။ တစ်ညလုံးပါပဲ။ တောင်ဦးရွာနားမှာဖြစ်နေခဲ့ တာပါ။ ရွာသားတွေကတော့ ထွက်ပြေးကုန်ပါပြီ။ ရွာမှာလူတစ်ယောက်နှစ်ယောက်ပဲကျန်ခဲ့ပါတယ်။”လို့ တောင်ဦးကျေးရွာ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

 

တိုက်ပွဲဖြစ်ပွားပုံမှာ မေလ ၁၃ ရက်နေ့ညနေပိုင်းက လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုကို AA ဘက်က တိုက်ခိုက်ခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

 

“မနေ့ကညနေ ၈ နာရီလောက်မှာပေါ့နော် ကျွန်တော်တို့ဘက်က လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းကို AA ဘက်ကဝင်တိုက်တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီမနက်ပိုင်းကလည်း ကျောက်တော်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ မနက် ၁၁ နာရီအထိတော့ဖြစ်ခဲ့ပါတယ်။ ဒီနောက်ပိုင်းတော့ မသိရသေးဘူး”လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦး က ပြောပါတယ်။

 

မနေ့ညနေပိုင်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တောင်ဦးကျေးရွာရဲ့ တစ်ဖက်ကမ်းမှာတည်ရှိတဲ့ ကျားနက်ကန်ကျေးရွာက အမျိုးသမီးတစ်ဦးမှာ မိမိနေအိမ်ရှေ့ထိုင်ပြီး လေညှင်းခံနေတုန်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

 

“ကျွန်မအဖွားက ညနေပိုင်းပူတယ်ဆိုပြီး မိသားစုတွေနဲ့ အိမ်ရှေ့မှာထိုင်နေတာပါ။ တိုက်ပွဲဖြစ်သံတွေကြားတော့ အိမ်ထဲကိုဝင် ပြေးကြတယ်။ အဲ့ဒီမှာထိတာပါ။ ဘယ်ကလာတဲ့ကျည်မှန်းကို မသိဘူး။ တိုက်ပွဲကတော့ ရွာတစ်ဖက်ကမ်းမှာရှိတဲ့ တောင်ဦးရွာနားမှာဖြစ်နေတာပါ။ ညတုန်းက သွားလာခွင့်မရတဲ့အတွက် ဆေးရုံမပို့နိုင်ခဲ့ဘူး။ ဒီမနက်ပိုင်း ၆ နာရီလောက်မှပဲ ဆေးရုံပို့ခဲ့ရတယ်။ အခုတော့ စစ်တွေဆေးရုံမှာ ခွဲစိပ်မှုလုပ်နေပါတယ်။”လို့ မြေးဖြစ်သူ မသန္တာစိုးကပြောပါတယ်။

 

ဒေါ်ကြာရွှေယဉ်မှာ ဘယ်ဘက်ပေါင်အရင်းမှနေပြီး ဝမ်းဗိုက်ထဲသို့ကျည်ဆံဝင်ရောက်နေတဲ့အတွက် ဆီးအိမ်ကိုထိသွားတာ ဖြစ်နိုင်ကြောင်း မိသားစုဝင်တွေကပြောပါတယ်။

 

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တောင်ဦးရွာသားတွေဟာ ရွာကိုစွန့်ခွာပြီး ဘေးလွတ်ရာကျေးရွာတွေဖြစ်တဲ့ ကျောက်တော်မြို့နယ်အတွင်းကို ထွက်ပြေးနေကြရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW