ဆန်သယ်ယူခွင့် ပိတ်ထားတဲ့ ပလက်ဝမြို့ အကန့်အသတ်နဲ့ ပြန်လည်ခွင့်ပြု

ပလက်ဝ၊ မေ – ၂၁ – ၂၀၁၉

မိုင်ချယ်ရီ (VOM)

 

ဆန်စားသောက်နိုင်ဖို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့တစ်ခုတည်းကိုသာ အားကိုနေရတဲ့ ပလက်ဝမြို့အတွက် ဆန်သယ်ယူခွင့် ပိတ်ထားတာကို ပြန်လည်ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပေမဲ့ အကန့်အသတ် နဲ့သာ သယ်ယူခွင့် ပြုထားတာကြောင့် ဆန်ဈေးကြီးမြင့်နေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

 

မေလ ပထမပတ်ထဲက စတင်ပိတ်ထားတဲ့ ဆန်သယ်ယူခွင့်ကို မေလ ၁၄ ရက်နေ့ အရောက်မှာတော့ ပြန်လည်ခွင့် ပြုပေးခဲ့တာ ဖြစ်ပါတယ်။

 

ဒါပေမယ့် တစ်ခါသယ်ရင် ဆန်အိတ် ၂၀ ပဲ တင်ခွင့် ပြုခဲ့တာကြောင့် ယခင်က ဆန်တစ်အိတ်ကို ငွေကျပ် ၄ သောင်းခွဲနှုန်း ရှိခဲ့ရာကနေ အခုအခါမှာတော့  ၅ သောင်း အထိ ရှိနေခဲ့တာ ဖြစ်တယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

 

ဆန်ကုန်သည်တစ်ဦးက “အကန့်အသတ်နဲ့ ခွင့်ပြုလိုက်တော့ ဆန်တော့ ရောင်းလို့ ရပြီပေါ့။ ဒါပေမယ့် အရင်တုန်းက ရောင်းတဲ့ ဈေးနှုန်းနဲ့တော့ ရောင်းလို့မရဘူးတော့ဘူးပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဆန်သယ်လို့ ကုန်သွားရင် ထပ်သယ်ဖို့က ခွင့်ပြုချက် ထပ်စောင့်ရတယ်လေ။” လို့ ပြောပါတယ်။

 

ပလက်ဝမြို့ပေါ်မှာ ဆန်ရောင်းချတဲ့ ဆန်ဆိုင် ၆ ဆိုင်ရှိပြီး ဆန် ၆ ဆိုင် အတွက် တစ်ဦးကို တစ်ခါသယ်ရင် ဆန်အိတ် ၂၀ သာ သယ်ယူခွင့် ပြုထားတာ ဖြစ်ပါတယ်။

 

ပလက်ဝမြို့ နယ်အတွင်းမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့ အနီးမှာ စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ  ၂၀၃၉ ဦး ရှိတယ်လို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်း အဲဒီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေ အရ သိရပါတယ်။

 

စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေဆဲပဲ ဖြစ်ပါတယ်။ သူတို့ အတွက် လိုအပ်တဲ့ ဆန်တွေကို ပလက်ဝမြို့ပေါ်ရှိ ဆန်ဆိုင်တွေက ၀ယ်ယူရတာတွေလဲ ရှိတာကြောင့် မြို့ပေါ်က ဆန်ဆိုင်တွေမှာ ဆန်အိတ် လိုသလောက် မရှိမှာကို ဒေသခံတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

 

#voiceofmyanmar # ဆန်သယ်ယူခွင့်ပိတ်ထားတာပြန်ဖွင့် # အကန့်အသတ်ရှိ # ရခိုင် #ကျောက်တော် #ပလက်ဝ

Related posts

Leave a Comment

VOM News

FREE
VIEW