ဇီးကုန်း၊ မေ ၂၈ – ၂၀၁၉
မိုးယံ (VOM)
ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှာ မနေ့ညနေက ရဲတပ်သားတဦး အပါအဝင် အမျိုးသားလေးဦးကို စိတ်ကြွဆေးပြားအချို့နဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့် ဇီးကုန်းမြို့မရဲစခန်းက သိရပါတယ်။
အမှတ် ၁ ရပ်ကွက်၊ မြို့သစ် ၇ လမ်းက နေအိမ်တခုမှာ မူးယစ်ဆေးဝါး သုံးစွဲနေတယ်လို့် သတင်းရရှိတဲ့အတွက် စခန်းမှူးနဲ့အဖွဲ့ သွားရောက်စစ်ဆေးရာမှာ ဇီးကုန်းမြို့နယ် ညောင်ဇင်နယ်မြေရဲကင်းက ရဲတပ်သား အောင်ကျော်နဲ့ မင်းနန္ဒာကျော်(ခ)အာနိုး၊ မျိုးကို၊ သျှိုးအောင်ထက်တို့ ဝိုင်းဖွဲ့ကာ WY စိတ်ကြွ မူးယစ်ဆေးဝါး အချို့သုံးစွဲနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အချိုရည် ဗူးခွံအတွင်း ပလတ်စတစ်ပိုက်ထည့်ထားတာ၊ WY စိတ်ကြွမူးယစ်ဆေးဝါး တပြား၊ ဂက်စမီးခြစ်တလုံး တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အရှေ့ဘက်ရှိ ကျောက်စည်ဘေးမှာ ပလတ်စတစ်အကြည်နဲ့ ထုပ်ထားတဲ့ WY စိတ်ကြွမူးယစ်ဆေး လိမ္မော်ရောင် ၁ ပြား၊ မီးစွဲလောင်ထားတဲ့ WY စိတ်ကြွ မူးယစ်ဆေး တခြမ်းတို့ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“သျိုင်းအောင်ထက်က ထွက်ပြေးလို့ လိုက်ဖမ်းရတယ်။ လက်ထဲမှာ WY စိတ်ကြွမူးယစ်ဆေးပြား ၇ ပြားနဲ့ ငွေကျပ်ကိုးထောင် တွေ့တယ်။” လို့ ဖမ်းဆီးစဉ်မှာ ပါဝင်တဲ့ သက်သေ ဦးထွန်းက ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ သူတို့လေးဦးကို မူး/စိတ် ပုဒ်မ ၁၆(ဂ)/၂၁ နဲ့ အရေးယူဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့ဝင်ကို ရဲစည်းကမ်းအရ အရေးယူဆောင်ရွက်မယ်လို့ ဇီးကုန်းမြို့မစခန်းမှူး ဒုရဲမှူး ကျော်ကျော်က ပြောပါတယ်။ ဇီးကုန်းမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ခုတကြိမ် ဖမ်းဆီးရမိမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
#voiceofmyanmar # ရဲတပ်သားအပါလေးဦးထံကWYအချို့ဖမ်းမိ #ဇီးကုန်း #ပထမဆုံးအကြိမ်