တန်ဖိုးလည်းရှိ၊ ဂုဏ်သိက္ခာလည်း ရှိတဲ့ စာအုပ်

 

 

 

ဆူးငှက်

 

 

စစ်ပြီးခေတ်ကာလ၊ လွတ်လပ်ရေးကြိုကာလ၊ လွတ်လပ်ပြီးကာလ၊ ပါလီမန်ဒီမိုကရေစီကာလများက မန္တလေးမှာ ထုတ်ဝေခဲ့တဲ့  ပထမဦးပိုင်းသတင်းစာ၊ စာစောင်တွေဟာလွတ်လပ်ရေးကြိုးပမ်းသူ မြန်မာကြည်သူလူထုဘက်ကလား ၊ အုပ်စိုးသ ူနယ်ချဲ့ဘက်ကလား…။ ဒီဘက် (၂)ဘက် ၊ဂိုဏ်း (၂) ဂိုဏ်းပဲရှိပါတယ်။ ဒီလိုပါပဲ။ လွတ်လပ်ရေးအကြိုကာလ၊ လွတ်လပ်ပြီးစကာလနဲ့ ပါလီမန်ဒီမိုကရေစီခေတ်ကာလများဆီကလည်းအလုပ်သမား၊ လယ်သမားလွတ်မြောက်ရေးဆိုတဲ့ တိုးတက်တဲ့ဘက်ကလား။ အုပ်စိုးသူမြေရှင်ပဒေသရာဇ် အရင်းရှင်ဘက်ကလားဆိုတဲ့ ဘက် (၂)ဘက်၊ ဂိုဏ်း (၂) ဂိုဏ်းပဲရှိမှာပေါ့။

 

 

လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်ကလည်းကုလသမဂ်္ဂဝင်ခွင့်ရ။ ဘန်ဒေါင်းမူ (၅)ချက်နဲ့ ဘက်မလိုက် အဖွဲ့ကြီးကိုလည်း ဦးဆောင်ဖွဲ့စည်းနိုင် စတဲ့ အရေးပါ မျက်နှာပန်းပွင့် လာတာနဲ့အတူ၊ အာရှ၊ အာဖရိက၊ လက်တင် အမေရိကရဲ့ လွတ်လပ်ပြီးစ နိုင်ငံများမှာတက်ကြွအားတက်ဖွယ် အယူအဆသစ်နဲ့ နိုင်ငံထူထောင်ရေး အားကောင်း မောင်းသန် လှုပ်ရှားနေချိန်လည်း ဖြစ်နေတယ်။ ကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်ဝါဒကို မကြောက်တရား တွန်းလှန်နိုင်ပြီး လွတ်လပ်စနိုင်ငံများရဲ့ စားဝတ်နေရေးနဲ့ အတွေးအခေါ် အားမာန်ကို ပေးစွမ်းနိုင်ခဲ့တဲ့ အယူအဆ၊ အတွေးအခေါ်က “လမ်းပြကြယ်ရောင်” ဖြစ်နေလေတော့ လွတ်လပ်စ မြန်မာနိုင်ငံတော်ရဲ့ စာပေတွေမှာ ကြယ်ရောင်ရိပ်တွေ ဖျပ်ဖျပ် တောက်နေချိန် ကာလပေါ့။

 

ဒီအခါ. စာနယ်ဇင်းလုပ်ငန်းအရှိန်ကောင်းနေဆဲ မန်္တလေးမြို့ကြီးမှာလည်းဂိုဏ်း (၂)ဂိုဏ်းအနက်က ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို ဦးထိပ်ထားတဲ့ ပြည်သူ့ဘက်တော်သား စာပေအသိုင်းအဝန်းဟာ စုစည်း ညီညွတ်စွာနဲ့ စာပေ လုပ်ငန်းတွေ တရှိန်ထိုး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူ့ ဒီမိုကရေစီရေး အလံတော်အောက်မှာ ညီညွတ်စွာနဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ညီညွတ်စွာနဲ့ စာပေဟောပြောပွဲ၊ စာတမ်းဖတ်ပွဲတွေ ကျင်းပနိုင်ခဲ့တယ်။ ညီညွတ်စွာနဲ့ ပြည်သူ့ ဘ၀ လေ့လာရေး စာပေလှုပ်ရှားမှုတွေ လှုပ်ရှားနိုင်ခဲ့တယ်။

 

 

(၂)

ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်၊ ၅၀ ဝန်းကျင်ကာလ၊ ဆောင်းရနံ့သင်းပျံ့ပြီး ငွေနှင်းမှုန်သုန်သုန် ကျလာပြီဆိုမှဖြင့်၊ စာဆိုတော်ပွဲသဘင်တွေကို မန္တလေးမှာထူးခြားစွာ ဆင်ယင် ကျင်းပခဲ့ကြတယ်။ ဒီနေရာမှာ “ထူးခြားစွာ” လို့ ဝိသေသပြုရတာက အကြောင်းရှိပါတယ်။ အခုကာလတွေမှာ “စာဆိုတော်နေ့”တွေကို စာပေဟောပြောပွဲတွေ၊ စာပေ ပြိုင်ပွဲတွေ ကျင်းပလေ့ ရှိကြတာကတော့ အားလုံးအသိပါပဲ။ သို့ပေမယ့် အတိတ်ကာလက မန္တလေးမှာကျင်းပတဲ့ စာဆိုတော်ပွဲသဘင်ဟာ ဟောပြောပွဲထက် စာတမ်းဖတ်ပွဲက ပိုမို သိသာ ထင်ရှားခဲ့ပါတယ်။ နှစ်စဉ် နတ်တော် လဆန်း ၁ ရက်နေ့ ရောက်ရင်၊ မန္တလေးကျုံးအနောက်ဖက် “ဓမ္မဗိမာန်”ခန်းမမှာ စာဆိုတော်ကြီးများ သက်ကြီးပူဇော် ပွဲကို မနက်ပိုင်းမှာ ကျင်းပတယ်။ အဲဒီပူဇော်ပွဲမှာ အပူဇော်ခံ သက်ကြီးဝါကြီး စာဆို၊ ရဟန်း၊ ဆရာကြီး၊ ဆရာမကြီးတွေ သြဝါဒတွေ ချီးမြှင့်ကြတယ်။ ဒီသြဝါဒတွေ ဆိုတာကိုက တကယ့်အဆီအနှစ် ဟောပြောချက်တွေ ပါပဲ။

 

ဆရာတော် ရွှေကိုင်းသား၊ ကျောက်စာဝန် ဦးမြ၊ စစ်ကိုင်းဦးဘိုးသင်း၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာမြမျိုးလွင်၊ ဆရာကြီး မြစ်သားအကျော့၊ ဆရာကြီး ရွှေပြည်ဦးဘတင် စသူတို့ရဲ့ သြဝါဒစကားတွေဟာ အဆီအနှစ် ဟောပြောချက် တွေပါပဲ။

“ဓမ္မဗိမာန်” မှာကျင်းပခဲ့တဲ့ စာဆိုတော်နေ့ အခမ်းအနားတွေမှာ ညပိုင်းရောက်ရင်၊ “စာပေစာတမ်း” တွေကို ဖတ်ကြားကြပါတယ်။ မြို့ခံ စာပေဝါသနာရှင် ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူများမကျန် ကျိတ်ကျိတ်တိုး တက်ရောက် နားထောင်ကြခြင်းပါ။ ဓမ္မဗိမာန် စာပေစာတမ်းတွေဟာ လက်ရှိ မြန်မာစာပေလောကရဲ့ ဖြစ်ထွန်းနေမှုအပေါ် သုံးသပ်ဝေဖန် စနစ်တကျ အကဲဖြတ်ထားတဲ့ စာတမ်းတွေဖြစ်တယ်။

 

ဒါကြောင့် ဓမ္မဗိမာန်စာတမ်း အများစုဟာ မြန်မာစာပေ လောကအတွင်း လှုပ်ခါ သွားတာများပါတယ်။ ဥပမာဆိုပါတော့ ၁၃၂၆ ခုနှစ် ဓမ္မဗိမာန် စာတမ်းဖတ်ပွဲမှာ ဖတ်ကြားခဲ့တဲ့ ဆရာမောင်သာနိုးရဲ့ “ခေတ်ပေါ် ဗမာစာပေအရေးအသားသစ်” ဆိုတဲ့ စာတမ်းဟာ မြန်မာစာပေလောကကို လှုပ်ခါသွားစေခဲ့တယ်။ လူထုဦးလှ၊ ပါမောက္ခချုပ် ဦးကျော်ရင်၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းတို့လည်း ထောက်ခံခဲ့ကြပြီး “ဆင်သွားမူ” ရယ်လို့ ကမ္ပည်းတင်လိုက်တာမို့ အုတ်အော်သောင်းတင်း ဖြစ်ကာ အငြင်းပွားရဆုံး စာတမ်းတစ်စောင်ဆိုရင် လည်းမမှားပါဘူး။ အခုတော့ ဒီ“မူ” က အတော် အရာရောက် သွားခဲ့ပြီမဟုတ်ပါလား။ အလားတူပါပဲ ၁၃၃၂ ခုနှစ် (၁၉၇၀ ခုနှစ်)စာဆိုတော်နေ့ ဓမ္မဗိမာန် စာတမ်းဖတ်ပွဲမှာ ကဗျာဆရာမောင်စွမ်းရည် တင်သွင်းခဲ့တဲ့ “ဒီနေ့ကဗျာပြဿနာ” ဆိုတဲ့ စာတမ်းကလည်း မြန်မာကဗျာဆရာတွေကြား ငြင်းခုန်ကြရပြီး အကျိုးအမြတ် အများကြီးရခဲ့တဲ့ စာတမ်းတစ်စောင် ဖြစ်ခဲ့တယ်။

 

 

(၃)

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းဟာ ၁၉၆၀ ခုနှစ်ကျော် နောက်ပိုင်း သုတေသနခရီးများ၊ စာပေ စာဆိုတော်နှင့် ပတ်သက်သည့် တေးသရုပ်ဖော် ကဇာတ်ပြဇာတ်များ တင်ဆက်ခြင်း၊ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲ၊ စာတမ်းဖတ်ပွဲ၊ စာပေဆွေးနွေးပွဲများ ကျင်းပခြင်း၊ စာအုပ်စာတမ်းများ ထုတ်ဝေခြင်းများ ဆောင်ရွက်ခဲ့ ပါတယ်။ ဒီလှုပ်ရှားမှု၊ အထူးသဖြင့် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက ဖတ်ကြားခဲ့တဲ့ စာတမ်းတွေကို ပြန်လည်စုစည်း ထုတ်ဝေခြင်းဟာ ဟာ မြန်မာစာပေနှင့် ယဉ်ကျေးမှု မျက်နှာစာများတွင် အထူးထင်ရှား အကျိုးကျေးဇူး များးခဲ့ပါတယ်။ ဒီလိုထုတ်ဝေတဲ့ စာတမ်းပေါင်းချုပ်စာအုပ်တွေထဲမှာ “ဗမာစာပေ အရေးအသားသစ် နှင့် စာတမ်းများ” စာအုပ်က ၁၃၂၇ ခုနှစ် ဓမ္မဗိမာန် စာတမ်းဖတ်ပွဲမှာ ဖတ်ကြားခဲ့တဲ့ စာတမ်းတွေကို စုစည်းထုတ်ဝေခဲ့တာမို့ မြန်မာစာပေ သမိုင်းမှာ မရှိမဖြစ် လေ့လာရမယ့် စာအုပ်ပါပဲ။

 

ဒီစာအုပ်ကို အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အစီအစဉ်နဲ့ သပြေပံနှိပ်တိုက်က ပုံနှိပ်ပြီး ကမ္ဘာ့ခေတ်စာပေက ပထမအကြိမ်အဖြစ်၊ ၁၉၆၆ မတ်လက ထုတ်ဝေခဲ့တာပါ။ အခုဆို နှစ်ပေါင်း ၆၀နီးပါး ကြာခဲ့လို့ အလွန်ရှားပါးတဲ့ စာအုပ် ဖြစ်နေပါပြီ။ ဒီစာအုပ်မှာ ဗမာစာအရေးအသားနှင့် ပတ်သက်တဲ့ စာတမ်းငါးစောင်ကို ရွှေကိုင်းသား၊ ဒေါက်တာသန်းထွန်း၊ မောင်သားနိုး၊ မောင်စွမ်းရည် တင်မိုး တို့က တင်သွင်းခဲ့ကြပြီး မန်းတက္ကသိုလ်ပါမောက္ခချုပ်ဦးကျော်ရင်မိန့်ခွန်း၊ ဒီစာတမ်းတွေကို တုံ့ပြန်တဲ့ ဂယက်တွေကိုလည်း နောက်ဆက်တွဲအဖြစ် ဖော်ပြခဲ့ပါတယ်။ တကယ်တော့ ဒီဗမာစာပေ အရေးအသားသစ် စာတမ်းများဟာ ၂၀ရာစု မြန်မာစာပေ သမိုင်းမှာ အကြီးမားဆုံး အငြင်းခုန်ကြဆုံး ဂုဏ်သိက္ခာရှိရှိ ဂယက်အထဆုံး စာတမ်းတွေဆိုရင် မမှားပါဘူး။

 

ဒီစာတမ်းတွေက တဆင့် ဒီအယူအဆရဲ့ ပင်မဇစ်မြစ်ကိုအထိ တူးဆွကြတာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဘာတဲ့၊ မြန်မာစာကို စကားပြောတဲ့ပုံစံနဲ့ ရေးနည်းကို မန္တလေး ဆင်သွားမူဆိုပြီး ၁၉၆၆ မှာ ခေါ်တွင်ခဲ့ ကြပေမယ့် ပရက်မြို့မှာ မင်းလတ်ရဲခေါင် အစပြု ရေးသားခဲ့တဲ့ စာတမ်း ဖြစ်ပါသတဲ့။ ၁၉၂၅ မှာ မွေးဖွားပြီး ရန်ကုန် စိန့်ပေါကျောင်းသားဖြစ်ခဲ့သူ မင်းလတ်ရဲခေါင်ဟာ မြေအောက် ကျောင်းသား ကလာပ်စည်းမှာ ပါဝင်ခဲ့သလို ဂျပန် ဖက်ဆစ်တော်လှန်ရေးနဲ့ စစ်ပြီးစ လက်ဝဲနိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား စာရေးဆရာတယောက် ဖြစ်ပါသတဲ့။ နံမည်ကျော် စာရေးဆရာတွေ ဖြစ်တဲ့ မိုးဝေ၊ သန်းဆွေနဲ့ မင်းရှင်တို့ဟာ သူနဲ့အတူ ကလောင်သွေး စာရေးခဲ့သူတွေလည်း ဖြစ်ကြပါသတဲ့။

 

 

(၄)

ဒါကြောင့် “ဗမာစာပေ အရေးအသားသစ် နှင့် စာတမ်းများ”စာအုပ်ဟာ စာပေသမိုင်းအတွက် တန်ဖိုးလည်းရှိ၊ ဂုဏ်သိက္ခာလည်း ရှိတဲ့ စာအုပ်ဖြစ်တယ်။ ဒါ့အပြင် စာရေးဆရာ၊ နိုင်ငံရေးအယူအဆမှသည် စာပေအယူအဆ အဝန်းအဝိုင်း အဆက်အနွယ်များအထိ လေ့လာ သုတေသန ပြုရမယ့် အဖိုးတန် စာအုပ်လည်း ဖြစ်ခဲ့ပါတယ်။

 

အခု ဒီ“ဗမာစာပေ အရေးအသားသစ် နှင့် စာတမ်းများ” စာအုပ်ကို မူလ မူအတိုင်း ထီးပေါင်းကား စာအုပ်တိုက်က ဒုတိယအကြိမ်အဖြစ် ထုတ်ဝေလိုက်တဲ့ အတွက် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အနေနဲ့ လွန်စွာ ဝမ်းမြောက် ဂုဏ်ယူရပါတယ်။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #တန်ဖိုးလည်းရှိ၊ဂုဏ်သိက္ခာလည်းရှိတဲ့စာအုပ် #ဗမာစာပေအရေးအသားသစ်နှင့်စာတမ်းများ

Related posts

Leave a Comment

VOM News

FREE
VIEW