ကျောက်ဆည်၊ ဇွန် – ၁ – ၂၀၁၉
မောင်တာရာ(VOM)
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မရဲစခန်းမှာ အချုပ်ကျခံနေရတဲ့သားကို ဒီနေ့ မနက်ပိုင်း ၁၁ နာရီကျော်က ထမင်းလာပို့တဲ့ အမေဆီကနေ မူးယစ်ဆေးဝါးအချို့ဖမ်းမိခဲ့တယ်လို့ အဲဒီရဲစခန်းက သိရပါတယ်။
ကျောက်ဆည်မြို့မရဲစခန်းမှာ တစ်လင်တစ်မယားအမှုနဲ့ အချုပ်ကျနေတဲ့ ကိုကိုကြီးကို လာရောက်တွေ့ဆုံတဲ့ မိခင်ဖြစ်သူ ဒေါ်လှလှမော် စီးလာတဲ့ ဆိုင်ကယ်ကို မူးယစ်ဆေးသတင်းအရ ကျောက်ဆည်မြို့ရဲစခန်း နယ်ထိန်းခေါင်းဆောင်နဲ့ အဖွဲ့ကနေ ရှာဖွေစစ်ဆေးခဲ့ပါတယ်။
”သူက မူးယစ်ဆေးဝါးတွေကို မြို့ပေါ်မှာ ရောင်းချနေတယ် သတင်းရထားတာရှိတယ်။ အဲဒီမှာ အချုပ်ကျနေတဲ့ သူ့သားဆီ ထမင်းချိုင့်လာပို့တာ တွေ့တော့ အဲမှာ သက်သေတွေခေါ်၊ အမျိုးသမီးရဲမေတွေနဲ့ စစ်ဆေးတော့ သူစီးလာတဲ့ ဆိုင်ကယ်ထဲက မူးယစ်ဆေးဝါးတွေကို တွေ့တယ်။”လို့ ကျောက်ဆည်မြို့မရဲစခန်း နယ်ထိန်ခေါင်းဆောင် ဒုရဲအုပ် သက်ဆွေက ပြောပါတယ်။
အဲဒီလို ရှာဖွေစစ်ဆေးရာမှာ ဆိုင်ကယ်ယာဘက် ဖရိန်တန်းမှာ တိပ်အနက်နဲ့ ပတ်ထားတဲ့ ပယ်နယ်ဆလင်ပုလင်းထဲမှာ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ /၀ါရောင်အမှုန့် ၀.၂ ဂရမ်ပါ တစ်ပုလင်း (ငွေကျပ် ၁၄၀၀၀)၊ အပြာရောင် ကပ်ခွာအိတ်အတွင်း 88/1 စာတန်း တစ်ဖက်စီပါ ပန်းရောင်စိတ်ကြွဆေးပြား ၄၄ ပြား (ကျပ် ၁၃၂၀၀၀)ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါ်လှလှမော်ကို စစ်ဆေးရာ အဲဒီမူးယစ်ဆေးဝါးများတွေကို ပြန်လည်ရောင်းချဖို့ ဒီနေ့ မနက်အစောပိုင်းက လက်ပန်ကျေးရွာနေ အမျိုးသားတစ်ဦးဆီက ၅ သောင်းကျပ်နဲ့ ၀ယ်ယူခဲ့တာလို့ စစ်ဆေးသိရှိရတဲ့အတွက် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ကျောက်ဆည်မြို့မရဲစခန်းက သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ဒေါ်လှလှမော်ကို ကျောက်ဆည်မြို့မရဲစခန်းကနေ မယ(ပ)၂၉/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က) အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
#voiceofmyanmar # အချုပ်ကျနေတဲ့သားကိုထမင်းလာပို့တဲ့အမေဆီကမူးယစ်ဆေးဝါးဖမ်းမိ #ကျောက်ဆည်