ကိုဆွေဝင်းအမှုမှာ လိုပြသက်သေ ဆရာတော် ဦးဝီရသူကို တရားရုံးဆင့်ခေါ်မှု ၂၄ ကြိမ်ရှိလာပေမယ့် လာရောက်မှု မရှိသေး

မန္တလေး၊ ဇွန် -၃ – ၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းရဲ့ရုံးချိန်းမှာ တရားလိုသက်သေဖြစ်တဲ့ ဆရာတော် ဦးဝီရသူကို တရားရုံးဆင့်ခေါ်မှု ၂၄ ကြိမ်ရှိလာပေမယ့် လာရောက်မှု မရှိသေးဘူးလို့  မဟာအောင်မြေတရားရုံးက သိရပါတယ်။

 

“တရားလို ရှေ့နေကတော့ အမှုကို ခရိုင်ရုံးမှာစစ်ဆေးဖို့ လျှောက်ထားတယ်လို့ သိရတယ်။ ဒီနေ့အမှုမှာ ဆင့်စာ အတည်ဖြစ်တဲ့အတွက် ရုံးချိန်ပြီးတဲ့ အချိန်ထိ ကျမတို့စောင့်မှာပါ။ ရုံးချိန်းတိုင်းမှာတော့ သက်သေက ဒီနေ့အထိ ဘယ်သူမှမလာပါဘူး။”လို့ ကိုဆွေဝင်းရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

 

ကိုဆွေဝင်းရဲ့အမှုမှာ နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိတရားလိုပြသက်သေ ၇ ဦးသာ စစ်ဆေးရသေးပါတယ်။ ဒီအမှုမှာပါဝင်တဲ့ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ကတော့ အမှုရဲ့သက်သေအဖြစ်က ပယ်ပေးဖို့တင်ပြထားတဲ့အတွက် တရားလိုပြသက်သေ သုံးဦးစစ်ဆေးဖို့ကျန်ရှိနေသေးတာပါ။

 

“ဒီအမှုနဲ့ပတ်သက်ပြီး ကျနော်တို့ကတော့ ဘယ်သူ့ကိုမှ အမုန်းတရားမပွားပါဘူး။ ကျနော်ကတော့ မှန်မှန်ကန်ကန် တက်နိုင်သမျှ ကြိုးစားပြီးလုပ်ဆောင်နေပါတယ်။” လို့ တရားစွဲဆိုခံထားရတဲ့ ကိုဆွေဝင်းက ပြောပါတယ်။

 

မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ပါရာဇိကျနေပြီလို့ သံဃာတစ်ပါးရဲ့ပြောဆိုမှုကို ကိုးကားရေးထားတဲ့သတင်းကို Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက လူမှုကွန်ယက်စာမျက်နှာမှာဖြန့်ဝေခဲ့တဲ့အတွက် ကိုဆွေဝင်းကို ၂၀၁၇ ခုနှစ် မတ်လ ၇ ရက်က ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့ အမှတ် ၇ နယ်မြေခံရဲစခန်းမှာ ဝံသာနုအားမာန်အဖွဲ့(အထက်မြန်မာပြည်)အဖွဲ့ဝင် ဦးကျော်မျိုးရွှေက အမှုဖွင့်ခဲ့ပြီး၂၀၁၇ ဇူလိုင်လ ၃၀ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မန္တလေးမြို့မဟာအောင်မြေ တရားရုံးက ကိုဆွေဝင်းကို အာမခံနဲ့ အမှုရင်ဆိုင်စေခဲ့တာပါ။

 

လက်ရှိအနေအထားအရ ကိုဆွေဝင်းအမှုနဲ့ပတ်သက်ပြီး သက်သေထွက်ဆိုရမယ့် ဆရာတော်ဦးဝီရသူဟယ ပုဒ်မ ၁၂၄ (က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာဖြစ်ပြီး ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

 

#voiceofmyanmar # ကိုဆွေဝင်းအမှုမှာဆရာတော်ဦးဝီရသူကိုတရားရုံးဆင့်ခေါ်မှု၂၄ကြိမ်ရှိပေမယ့်  လာရောက်မှုမရှိသေး #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW