အလောင်းတော်ကဿပဘုရားမှာ ရံပုံငွေကျပ်သိန်းနှစ်ထောင်လောက် ကွာဟတဲ့အတွက် ဂေါပကအဖွဲ့ကို အဂတိတိုက်ဖျက်ရေးထံတိုင်ကြား

မုံရွာ၊ ဇွန် – ၃ – ၂၀၁၉

ရန်နိုင်စိုး၊ ဖြူဖြူ (VOM)

 

အထက်ဗမာပြည်ရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ သမိုင်းဝင် အလောင်းတော်ကဿပဘုရားမှာ ဘုရားရံပုံငွေ ကျပ်သိန်းနှစ်ထောင်လောက် စားရင်းကွာဟတဲ့အတွက် ဘုရားနယ်မြေတာဝန်ယူထားတဲ့ ဂေါပကအဖွဲ့ကို  အဂတိတိုက်ဖျက်ရေးအဖွဲ့မှာ တိုင်ကြားထားတယ်လို့ ဇွန် ၂ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

 

အဂတိတိုက်ဖျက်ရေးအဖွဲ့သို့ တိုင်ကြားခံရတဲ့ အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ငွေကြေးအလွဲသုံးစားမှုနဲ့ ပတ်သက်လို့ ခေါင်းစဉ်နဲ့ ဦးအောင်ဝင်းဦးအပါ သုံးဦးက မုံရွာမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

 

“လှူဒါန်းငွေစာရင်းလဲ မထုတ်ပြန်ဘူး။ အဆောက်အဦးနဲ့ ပစ္စည်းကုန်ကျငွေစာရင်းကလည်း အများကြီးကွာနေတယ်။ ကျနော်တို့က မူရင်းရောင်းတဲ့ ဆိုင်တွေ၊ ပုဂ္ဂိုလ်တွေကို မေးမြန်းစုံစမ်းပြီးမှ ပြောတာ။ အသံဖိုင်တွေကအစ ရှိတယ်။ ဘယ်လောက်ထိကွာလဲဆိုတော့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ် ဘုရားဖူးရာသီအတွင်းမှာဆို  ငွေသိန်းပေါင်း ၂၀၀၀ လောက်ကွာတယ်။” လို့ အဂတိတိုက်ဖျက်ရေးအဖွဲ့သို့ ဦးဆောင်တိုင်ကြားသူ ကနီမြို့နေ ဦးအောင်ဝင်းဦးက ပြောပါတယ်။

 

ဘုရားဖူးဧည့်သည်တွေရဲ့ လမ်းရံပုံငွေ၊ ဈေးဆိုင်ခန်းကရတဲ့ ရံပုံငွေ၊ ဘုရားဖူးနေရာမှာရှိတဲ့ အဆောက်အဦးအတွက် ပစ္စည်းစာရင်းတွေ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်တာမရှိသလို အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို ကွန်ကရစ်လမ်းအဖြစ်ပြုပြင်ဖို့ အလှူငွေ ကောက်ခံမှုတွေ ရှိပေမယ့်လည်း အလှူခံရရှိငွေကို ဖော်ပြမှုမရှိတာ၊ လမ်းအကောင်အထည်ဖော် လုပ်ဆောင်ခြင်းမရှိတာတွေကို ရှင်းလင်းခဲ့တာပါ။

 

ဒါကြောင့် ငွေကြေးစာရင်းကွာဟမှုအပါအ၀င် အချက် ၅၁ ချက်ကိုဖော်ပြထားတဲ့ တိုင်စာကို  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အဂတိတိုက်ဖျက်ရေးအဖွဲ့ထံ တိုင်ကြားခဲ့ရာ  မတ်လ ၂၉ ရက်က ခေါ်ယူစစ်ဆေး ကြားနားခဲ့ပေမယ့် ရလဒ်ကို မျှော်လင့်နေဆဲပဲလို့ ဦးအောင်ဝင်းဦးက ပြောပါတယ်။

 

“ကျနော်တို့ဝယ်ယူတဲ့ပစ္စည်းတွေ ဆောက်လုပ်တဲ့ ပစ္စည်းတွေအတွက် ကန်ကျစရိတ်တွေကို အခုခရိုင်ကတောင်းထားလို့ ခရိုင်ကို တင်ထားပြီးပါပြီ။ ကုန်ကျစရိတ်တွေကို ပြေစာနဲ့တကွပေါ့ သူ့ကဏ္ဍအလိုက် ဖိုင်တွေနဲ့တွဲပြီး ခရိုင်စုံခုံအဖွဲ့မှာ တင်ထားတယ်။ ကျနော်တို့ ဘာလုပ်လုပ် လုပ်စရာရှိတာတွေကို လေးမြို့နယ်ဆရာတော်တွေရဲ့သြဝါဒကိုခံယူပြီးမှ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဂေါပကအဖွဲ့က လုပ်ဆောင်တာ ဖြစ်တယ်။” လို့ အလောင်းတော်ကဿပဘုရားဂေါပကအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးထီမောင်က ပြောပါတယ်။

 

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပဘုရားနယ်မြေကို ကနီ၊ ယင်းမာပင် ဆားလင်းကြီး၊ ပုလဲမြို့နယ်တွေက သြဝါဒဆရာတော်ကြီးတွေနဲ့  လူပုဂ္ဂိုလ်အားဖြင့် တစ်မြို့နယ် လေးယောက်နှုန်းနဲ့ စုပေါင်းဖွဲ့စည်းပြီး ဘုရားနယ်မြေတာဝန်ကို ယူထားကြတာဖြစ်ပါတယ်။

 

ခုလိုစွပ်စွဲခံရတာနဲ့ ပတ်သက်ပြီး ဦးထီမောင်က  “အခုကိစ္စလေးတွေပြေလည်ပြီးမှ ကျနော်တို့ဘက်ကဘာမှမရှိတဲ့အကြောင်း၊ ကင်းရှင်းတဲ့အကြောင်း ပြန်ပြီးတော့ ကျနော်တို့ ဂုဏ်သိက္ခာကိုတင်တဲ့အားဖြင့် ရှင်းလင်းပွဲလုပ်ဖို့ ရည်ရွယ်ချက်တော့ရှိတယ်။ လေးမြို့နယ်ဂေါပကအဖွဲ့လိုက် ဆရာတော်များနဲ့ပူးပေါင်းပြီးတော့ ကျနော်တို့ ဂုဏ်သိက္ခာမညှိုးနွမ်းအောင် ပြန်လည်ချေပဖို့ရာ စီစဉ်မယ်လို့ ရည်ရွယ်ထားတယ်။” လို့  ဆိုပါတယ်။

 

အလောင်းတော်ကဿပ ဘုရားဖူးဒေသဟာ ဆောင်းတွင်းကာလဖြစ်တဲ့ တပို့တွဲလလောက်မှာ တရားဝင် လမ်းဖွင့်ပေးတာဖြစ်ပြီး နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသည် သိန်းနဲ့ချီလာရောက်လည်ပတ်လေ့ ရှိပါတယ်။

 

#voiceofmyanmar # အလောင်းတော်ကဿပဘုရားရံပုံငွေကျပ်သိန်းနှစ်ထောင်လောက်ကွာဟ # ဂေါပကအဖွဲ့ကိုအဂတိတိုက်ဖျက်ရေးထံတိုင်ကြား #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW